လောကကြီးက လုံးဝမတရားဘူးဆိုပေမဲ့ တစ်ဖက်ကနေကြည့်ရင် တရားနေပြန်ရော။
-------------------------------------------------မူလကတည်းက ကျယ်ဝန်းလှသော ဒါရိုက်တာရုံးခန်းသည် ထူးဆန်းစွာပင် ဟာလင်းဟင်းလင်းဖြစ်နေသည့်အလား။ အခန်းထဲ၌ ဒါရိုက်တာလွီနှင့် မတ်တတ်ရပ်လျက်သား ယန်ရှယ်တို့ နှစ်ဦးသာရှိပြီး တစ်ဦးကိုတစ်ဦးစိုက်ကြည့်နေကြသည်။ မွန်းကြပ်လောက်သည့်အတိုင်းအတာအထိ တိတ်ဆိတ်ခြင်း ကြီးစိုးနေလျက်။
နောက်ဆုံးတော့ ယန်ရှယ် လှုပ်ရှားလာလေပြီ။
သူရှေ့ကိုလျှောက်သွားလိုက်ပြီး စားပွဲနောက်မှထိုင်ခုံတစ်လုံးဆွဲကာ ဘောင်းဘီကို မ လျက် ပေါ့ပေါ့ပါးပါးထိုင်ချလိုက်သည်။ ထို့နောက် အပြုံးတစ်ပွင့်နှင့် ပြော၏။
"ယိုး၊ အဲ့လူကသေသွားပြီဆို။ ကယ်ဆယ်ရေးမစ်ရှင် ဟုတ်လား? ဘယ်သူ့ကိုကယ်တာလဲ?"
အမြဲတစေ အလွန်သဘောကောင်းသည့် အမူအရာကိုသာ ချိတ်ဆွဲထားလေ့ရှိသော ဒါရိုက်တာလွီ၏ မျက်နှာတွင် အပြစ်တင်ခြင်း၊ မေးမြန်းခြင်းတို့မရှိ။ ဒေါသမပါသော လေသံဖြင့် ဖြည်းဖြည်းသာသာ ပြောလေသည်။
"ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် တော်တော်များများက သူသေသွားပြီလို့ ယုံကြည်ကြတာတော့အမှန်ပဲ။ ဒါပေမဲ့ မယုံတဲ့လူလည်းရှိတယ်။"
ဂရုတစိုက်နားထောင်နေသော ယန်ရှယ်၏ပုံစံမှာ မည်သည့်မူမမှန်မှုမျိုးမှမတွေ့ရသော်လည်း လက်ဖဝါးတွင်အနည်းငယ်ချွေးစို့နေသည်ကိုတော့ သူကိုယ်တိုင်သာသိပါသည်။
"ဘယ်သူလဲ?"
"ကုန်ကျိုးရဲ့ ဒုမြို့တော်ဝန်ဟောင်း၊ အများပြည်သူလုံခြုံရေးဌာနချုပ်ခေါင်းဆောင် ယွဲ့ကွမ်ဖင်"
ဒါရိုက်တာလွီက အပူခံခွက်ကိုဖွင့်ကာ လက်ဖက်ရည်တစ်ငုံသောက်လိုက်၏။ ထို့နောက် တိုးဖွစွာ အသံပြုပြီး ယန်ရှယ်၏ စိတ်ဝင်တစားအကြည့်အောက်တွင် အပူခံခွက်ကို စားပွဲပေါ်တင်လိုက်လေသည်။
"ဒီအဖြစ်အပျက်အတိအကျကို လုံခြုံရေးဌာနနယ်ပယ်တစ်ခုလုံးမှာ သိတဲ့လူရှားတယ်။ လောင်ဝေ့တောင်မှ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့အကြောင်းပဲသိတာ။ တကယ်က ပေါက်ကွဲမှုလည်းပြီးရော ကုန်ကျိုးအများပြည်သူလုံခြုံရေးဌာနက စစ်ဆင်ရေးမအောင်မြင်ရတဲ့အကြောင်းကို စုံစမ်းဖို့ အထူးတပ်ဖွဲ့တစ်ခုဖွဲ့စည်းခဲ့တယ်။ တပ်ဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ယွဲ့ကွမ်ဖင်၊ အဲ့ဒီအချိန်တုန်းကတော့ ဒုမြို့တော်ဝန်ရာထူးကနေအနားယူလိုက်ပြီပေါ့ကွာ၊ သူကနေပြီး ကျန်းထင်ကမသေသေးဘဲ မူးယစ်ရာဇာတွေပြန်ပေးဆွဲတာခံလိုက်ရတာလို့ အဆိုပြုလာတယ်။"
YOU ARE READING
《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)
ActionTitle : Po Yun (破云) Author : Huai Shang (淮上) Chapter:155 chapters + 6 Extras Genre:Action,Crime,Adult,Mystery,Drama,BL,bittersweet Content warning : Trauma,Suicide,Violence,Kidnapping,Drawning,Murder,Drug Abuse,Mature ဓားသွားချိုချိုလေး သို့မဟုတ် ဓာ...