အပိုင်း(၆၂)-မင်းကို အရမ်းတွေ့ချင်လာတာ

2.4K 444 90
                                    

"ငါမင်းဆီ အပြေးလာ တွေ့ချင်နေတာ"
---------------------------------------------

ကျန်းထင်မှာ ဒုတ်ခနဲ တံခါးနှင့် ခေါင်းတိုက်မိပြီး  နက်မှောင်သောဆံချည်တို့သည်လည်း တံခါးရွက်ပေါ်  ပွတ်ဆွဲလျက်ဖြစ်ကုန်သည်။ လျှပ်တစ်ပြက်ဆန်လှသဖြင့် မျက်ဝန်းတို့ကား မှိတ်ပစ်ဖို့မတတ်နိုင်လောက်အောင်ပင် ကြက်သေသေနေရ​၏။ သို့ရာတွင် နီကိုတင်းနံ့သဲ့သဲ့စွဲကပ်နေသည့် ယန်ရှယ်​၏ နှုတ်ခမ်းပါးနှင့် လျှာဖျားတို့ကား သူ့အပိုင် အာခေါင်နှင့် လျှာအောက်ခြေပါမကျန် ခံတွင်းအနှံ့ ကူးလူးချေပြီ။

ရုတ်တရက်ဆန်လွန်း၏။ မူလက ကျန်းထင်တွေးထားသည်နှင့် တခြားစီဖြစ်၍ သူ့ခမျာ အတွင်းစိတ်တစ်ပိုင်းလုံး ဗလာကျင်းသွားရပြီး အလိုအလျောက် တွန်းထုတ်မိပြန်တော့ ယန်ရှယ်က သူ့လက်များကို အမိအရဖမ်းကိုင်လျက် တံခါးရွက်နောက်၌ ဖိထားတော့သည်။ ရုန်းရင်းဆန်ခတ်အခြေအနေကြောင့် တံခါးရွက်ဆီမှ တဘုန်းဘုန်းမြည်ကာ အင်္ကျီနောက်ကျောပြင်မှလည်း ပွတ်တိုက်သံလေးများ ပလုံစီထွက်ပေါ်နေသဖြင့် သွေးစီးဆင်းနှုန်းမြင့်သော နားစည်အဖို့ ရှင်းလင်းပြတ်သားစွာကြားရမည်မှာ မလွဲပင်။

..........ကော်ရစ်တာကလူတွေ ကြားကုန်တော့မှာပဲ။

သူ့ဦးနှောက်ထဲ ဝင်လာသော တစ်ခုတည်းသော အတွေးဖြစ်​၏။ ထို့နောက် သူသည် ရီဝေဝေနှင့်ပင် မူမမှန်မှုကြီးကို အာရုံခံမိလိုက်​သည်။ မူလကတည်းက အတုံ့အလှည့်သဘောမျိုးသာ ဖြစ်သင့်သော အနမ်းတစ်ခုမှာ နူးညံ့နေ​၏။ ပြင်းပြ​နေ၏။ လွန်စွာ တောက်လောင်နေ​၏။ အထိအတွေ့ကြောင့် ဦးနှောက်နှင့် ကျောရိုးမကြီးတစ်လျှောက်ပါ ပုရွက်အုံတက်သလို ကျင်နေသည်အထိ။

မဖြစ်နိုင်လိုက်တာ။

မူးနောက်နောက်နဲ့ အဓိပ္ပာယ်မရှိလိုက်တာ။

ကျန်းထင် သူ့လက်ဖဝါးသူ ဆိတ်ကြည့်လိုက်သည်။ သို့သော် မည်သည်ကိုမျှ မခံစားရ။ နာကျင်မှုလေးမှာ ပိုင်စိုးပိုင်နင်း အနမ်း​၏ နွေးထွေးမှုတို့ကြား မတိုးနိုင်ရှာဘဲ တိမ်မြုပ်နေရ​၏။ စက္ကန့်အတော်ကြာပြီးသည်ထက် ပို၍ကြာသော အချိန်တစ်ခုကုန်လွန်သွားမှသာ လက်ကို ကတုန်ကယင်နှင့် အတင်းဆွဲထုတ်နိုင်ခဲ့ပြီး ယန်ရှယ်အား ခြေလှမ်းဝက်မျှ နောက်ဆုတ်အောင် တွန်းထုတ်နိုင်ခဲ့ပေသည်။ ပတ်ဝန်းကျင်တစ်ခုလုံး ပုံဆောင်ခဲဘဝပြောင်းသွားသည့်နှယ် တိတ်ဆိတ်မှုကြီး ကြီးစိုးနေလျက် ခပ်လှမ်းလှမ်း၌ စင်္ကြံလမ်း​ပေါ်လျှောက်လာနေသော သူနာပြုများ​၏ ခြေသံနှင့် စကားသံတို့ကို ရေးရေးလေး ကြားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူတို့နှစ်ဦး​၏ အမောတကော အသက်ရှူသံတို့ဟာလည်း ပိုမို ထင်ရှားလာသယောင်။

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Donde viven las historias. Descúbrelo ahora