အပိုင်း(၂၆)-ကျန်းထင်ကိုသူ့ဘေးဆွဲစိလိုက်သည်

2.6K 472 60
                                    

"ဝံပုလွေတစ်ကောင် ကြောင်နံ့ရလိုက်သကဲ့သို့ ယန်ရှယ်​၏ နားရွက်များ ဆက်ခနဲလှုပ်ရှားသွားသည်။ သူက ခေါင်းကိုအမြန်လှည့်၍ ကျန်းထင်အား သူ့ဘေးသို့ ဆွဲလိုက်ချေ၏။"

-------------------------------------------------

ဓာတုစက်ရုံ သိုလှောင်ခန်း တံခါးမှာ ဟာလာဟင်းလင်းပွင့်နေကာ အနီးတစ်ဝိုက်တွင် တိပ်များဖြင့် ချိတ်ပိတ်ထား​၏။ ရဲကားများစွာ ပိတ်ဆို့စောင့်ကြပ်နေပြီး ခပ်လှမ်းလှမ်းတွင် ရဲအရာရှိများ မတ်တတ်ရပ်စကားပြောနေကြသည်။

"မနေ့ည နှစ်နာရီမှာ ထိန်းချုပ်ခန်းက လျှပ်စစ်မီးရုတ်တရက်ပျက်သွားပြီး မီးသီးတွေရော စောင့်ကြည့်ကင်မရာတွေပါ အကုန်ပိတ်ကုန်တယ်။ ညစောင့်ကျတဲ့ နျန်ပေါ်ဝမ်က ထပြီး အခြေအနေကို စစ်ဆေးဖို့လုပ်တဲ့အချိန်မှာပဲ တိုက်ခိုက်ခံလိုက်ရတယ်။ ဦးခေါင်းခွံရိုးအောက်ခြေက နောက်စေ့တည့်တည့်ကို လက်ဗလာနဲ့ပဲ ရိုက်ချသွားတာ။ အဲ့ဒီကလေးလည်း သတိလစ်သွားပြီး သိုလှောင်ရုံသော့ အခိုးခံလိုက်ရတော့တာပါပဲ။"

"နှစ်နာရီသုံးဆယ် နဲ့ နှစ်နာရီလေးဆယ်ကြားမှာ လုံခြုံရေးတာဝန်ခံ တျောင်းယုံက ကန့်သတ်ဓာတုပစ္စည်းသိုလှောင်ရုံဘက် ဖြတ်သွားတုန်း သိုလှောင်ကန်တွေကြားထဲကနေ ဓာတ်မီးအလင်းရောင်တစ်ခုထွက်နေတာကို သတိထားမိခဲ့ပါတယ်။ အစကတော့ သူလည်း ညစောင့် နျန်ပေါ်ဝမ်ထင်လို့ လှမ်းအော်လိုက်ပေမဲ့ သူ့အသံလည်းကြားရော တစ်ဖက်က ချက်ချင်း မီးပိတ်လိုက်ပါတယ်။ အဲ့ဒါနဲ့ တျောင်းယုံက တစ်ခုခုမူမမှန်ဘူးဆိုပြီး သွားကြည့်မယ်လုပ်တော့ အမှောင်ထဲမှာပဲ တိုက်ခိုက်ခံလိုက်ရပါတယ်။ ညာဘက်ရင်အုံမှာ အချွန်နဲ့အထိုးခံခဲ့ရပြီး ခေါင်းကိုပါအားပြင်းပြင်းနဲ့အရိုက်ခံလိုက်ရတာကြောင့် သတိလစ်သွားခဲ့ပါတယ်။"

ရဲအရာရှိတစ်ယောက်က လမ်းရှင်းပေးသည့်အတိုင်း ယန်ရှယ်သည် လူအုပ်ကြားထဲမှ အမြန်ပင်တိုးထွက်လာခဲ့သည်။ ယန်ရှောင်မိန်မှာ သူ့နောက်မှ ခပ်သွက်သွက်လိုက်လာပြီး ဖြစ်စဉ်အသေးစိတ်ကို အမောတကော တင်ပြရင်း ဒုခေါင်းဆောင်ယန်နောက်မှ maskတပ်ထားသည့် လူငယ်လေးအား ခိုးကြောင်ခိုးဝှက်ကြည့်လိုက်လေ​၏။

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now