အပိုင်း(၃၈)-သိမ်မွေ့ခြင်းနောက်ကွယ်က ပုံစံအစစ်အမှန်

1.8K 408 30
                                    

သိမ်မွေ့နူးညံ့ခြင်းနောက်တွင် ဖုံးကွယ်ထားသော ကျန်းထင်​၏ ပုံစံအမှန်သာဖြစ်တော့သည်။
-------------------------------------------------

ပုံသွင်းစက်ရုံတွင်

ဖလူး--

ခေါင်းပေါ် ဘူးဝက်ခန့်မျှရေလောင်းချကာ ယန်ရှယ်က ခေါင်းကိုခါယမ်းလျက် ရေစက်များကိုလွင့်စင်စေလိုက်သည်။ ဒူးပေါ်လက်ဖြင့်ထောက်ကန်၍ ပူပြင်းရှည်လျားသော လေပူတစ်ချက်မှုတ်ထုတ်လိုက်ပေသည်။

စက်ရုံဒုတိယထပ်တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြီးကား တစ်ခန်းရပ်သွားခဲ့လေပြီ။ ရှိရှိသမျှသော ပြတင်းပေါက်တို့ထံမှ မီးခိုးမည်းကြီးများ တလူလူထွက်နေပြီး ပတ်ဝန်းကျင်တွင် အနီအပြာယှက်နွယ်သော ရဲကားမီးရောင်တို့ တလက်လက်လင်းနေသည်။ မျက်နှာဖုံးကြီးများစွတ်ထားသော မီးသတ်သမားများမှာ ချိတ်ပိတ်ထားသည့်အကာကြားမှ ဝင်ချည်ထွက်ချည်နှင့် ခြေသံပြတ်သည်ဟူ၍မရှိဘဲ ဆူညံနေပါ​၏။

လူနာတင်ယာဉ်များလည်း သွားလိုက်ပြန်လိုက်နှင်ပင်။ လေထုထဲတွင်လည်း ရေငွေ့၊မီးသွေးနှင့် ဓာတုဆေးနံ့များရောပြွန်းလျက် စိမ်းရွှေရွှေကြီးဖြစ်နေသည်။

ယန်ရှယ် မောဟိုက်နေပါသော်လည်း မတ်တတ်ရပ်ကာ မျက်နှာကိုပွတ်သပ်လိုက်​သည်။ စွတ်စွတ်စိုနေသော အောက်ခံအင်္ကျီသည် ကိုယ်ပေါ်တစ်သားတည်းကပ်ရပ်နေ၏။

".......ဒုခေါင်းဆောင်ယန်"

ယန်ရှယ် လှည့်ကြည့်လိုက်ရာ ဒေသဆိုင်ရာစီရင်စုဌာနမှ မြို့တော်ရုံးချုပ်ကို အစည်းအဝေးကိစ္စဖြင့် လာရောက်သော အကြီးအကဲချန်ကို မြင်တွေ့လိုက်ရသည်။ တည်တည်ကြည်ကြည် မထုံတက်သေးနှင့် မျက်နှာကိုချီထားသော်လည်း အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်နေသောအမူအရာဖြင့် ချောင်းဟန့်လျက် ဆိုလေသည်။

"မင်းလုပ်တာမဆိုးဘူး။"

ယန်ရှယ် : "?"

အကြီးအကဲချန်က လက်လွတ်စပယ်ရေတစ်ဘူးပစ်ပေးလိုက်သဖြင့် ယန်ရှယ်လည်း အူတူတူနှင့် ဖမ်းလိုက်ရသည်။

"ကောင်းကောင်းလုပ်"

အကြီးအကဲချန်ထံမှ အနှီအားပေးခြင်းမည်သော စကားစုလေးထွက်လာပြီးနောက် သူက ဘာမှမဖြစ်ခဲ့သည့်ဟန်နှင့် လက်နောက်ပစ်လျက် ထွက်ခွာသွားတော့သည်။

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now