အပိုင်း(၄၀)-ရွေးချယ်စရာမရှိဘူး၊ ငါရဲ့ငွေသုံးနိုင်မှုအပေါ်မှာပဲမူတည်တယ်

2K 445 43
                                    

"ငါနဲ့ ခေါင်းဆောင်ကျန်းကြားမှာ ရှင်းရှင်းလင်းလင်းကြီးသိလိုက်ရတာက အစကတည်းက နှစ်ယောက်လုံးအတွက် ရွေးချယ်စရာမရှိဘဲ ငါ့ရဲ့ ပိုက်ဆံသုံးနိုင်မှုအပေါ်မှာပဲ မူတည်နေတယ်" လို့ပြောရမလားပဲ။"
-------------------------------------------------

တကယ်တမ်းမှာဖြင့် လမ်းဟောင်းကြီးသည် ခြောက်ကပ်တိတ်ဆိတ်လွန်းပေသည်။ အဝေးတစ်နေရာမှလာသော ခရီးသည်လေပြည်အေးသည် လေချွန်သံတမြမြနှင့် သစ်ပင်ချုံနွယ်များကို ကလူကျီစယ်​၏။

ပစ်ခတ်သံ ထွက်မလာသေး။

"......ကျန်းထင်"

ယန်ရှယ်​၏ အသံကား အဖျားခတ်နေသော်လည်း တည်ငြိမ်ပုံပေါ်အောင် အတတ်နိုင်ဆုံး ထိန်းချုပ်လိုက်​၏။

"ဘာမှမဖြစ်ဘူး။ ပြီးပြီးသားကိစ္စတွေက အတိတ်မှာကျန်ရစ်ခဲ့ပြီ။ အရင်ဆုံး သေနတ်ကိုချလိုက်ပါနော်။"

မနီးမဝေး လမ်းဘေးအကာတွင် ကျန်းထင်​၏ ခန္ဓာကိုယ်တစ်ဝက်သည် ညအမှောင်ထုထဲ နစ်ဝင်ကွယ်ပျောက်လျက်။ စိတ်ဝိညာဉ်​ အနက်ရှိုင်းဆုံးတစ်နေရာရှိ မကောင်းဆိုးဝါး​၏ ထိန်းချုပ်ခြင်းကို ခံနေရသည့်အလား ရုတ်သိမ်းပြီးသား သေနတ်လက်ကိုင်သည် ပြန်လည် မြှောက်တင်ခြင်းခံလိုက်ရပေသည်။ ပဲ့ကိုင်ရှင် လက်ချောင်းတို့မှာမူ မဆိုစလောက်လေး တုန်ယီနေပါ​၏။

ဤရှုထောင့်တွင် သေနတ်ပြောင်းဝသည် သူကိုယ်သူချိန်ရွယ်နေခဲ့သည်။

"တချို့ကိစ္စတွေက ဖြစ်ပြီးသွားခဲ့တာအမှန်ပဲ။"

အားကျယ်က တိုးဖွဖွဆိုလျက် ပါးပြင်မှ သွေးစတို့ကိုသုတ်ကာ ပြုံးလေသည်။

"ဒါပေမဲ့ အဲ့ဒီ 'တချို့ကိစ္စ' တွေက အတိတ်ကိုမဟုတ်ဘဲ ပစ္စုပ္ပန်ကို ရည်ညွှန်းတယ်လို့ ထင်တာပဲ။"

တစ်အောင့်က ဟန်ရေးတပြင်ပြင်ဖြစ်နေသော တင်းမာမှုကြီး သူ့တွင်မရှိတော့ပြီ။ သက်တောင့်သက်သာ အေးအေးလူလူပင် ဖြစ်သွားသေးသည်။ ယန်ရှယ်က လမ်းတစ်ဆုံးကြည့်လိုက်ရာ လင်းထိန်နေသော ကားရှေ့မီးနှစ်လုံးမှာ တောင်ကုန်းအောက်ဆင်းလာပြီး အရှိန်အပြည့်နှင့် အဝေးပြေးလမ်းမကြီးပေါ်မောင်းနှင်လာသည်ကို မြင်တွေ့လိုက်ရသည်။ မကြာလိုက်ပါချေ၊ မော်တော်ဆိုင်ကယ်သံကိုပါ ကြားလိုက်ရ​သည်။

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now