အပိုင်း (၆၀)-နှလုံးခုန်နေတာကို ခံစားရလား?

2.1K 419 112
                                    

"နှလုံးခုန်နေတာကို မင်းခံစားမိလား? သူလေ တအားကို ခုန်နေတော့တာ။"
​-------------------------------------------------------------

သန်းခေါင်အလွန်နံနက်စောစောတွင် လူနာဆောင်ထဲ၌ မီးပိတ်ထားဆဲဖြစ်ပြီး ခုတင်တို့မှာလည်း ခန်းဆီးအရိပ်အောက် ကွယ်ဝှက်နေသည်ဖြစ်ရာ အမှောင်ထုထဲ၌ စက်ကိရိယာများကိုသာ ရေးရေးလေး မြင်တွေ့နိုင်ပေသည်။ ဆေးပုလင်းမှ ဆေးရည်များတစ်စက်ချင်းကျနေပြီး နှလုံးခုန်နှုန်းပြကိရိယာမှလည်း စည်းချကျသော အသံများ ထုတ်လွှတ်ပေးလျက်ရှိသည်။ ရုတ်တရက် ခန်းဆီးနားမှ ညည်းသံတိုးတိုးလေးတစ်ခု ပေါ်ထွက်လာသည်။

ကျန်းထင် ချက်ချင်း မျက်လုံးပွင့်လာပြီး ခုတင်မှ အမြန်ထလိုက်​၏။

ထင်ထားသည့်အတိုင်းပင် ယန်ရှယ်မှာ မေ့ဆေးအရှိန် ပျယ်သွားပြီး အိပ်တစ်ဝက်နိုးတစ်ဝက်အခြေအနေတွင် နာကျင်မှုကို စတင်ခံစားမိ၍ စနိုးစနောင့်နှင့် လှုပ်လှုပ်ရွရွဖြစ်လာခြင်းပင်။ ပဲစေ့လုံးလောက်ရှိသော ချွေးစက်ကြီးများ နားပန်မွေးမှ ခေါင်းအုံးပေါ် တစ်စက်စက်ကျနေပြီး အိပ်ရာခင်းကိုလည်း တွန့်ကြေနေအောင် ဆုပ်ကိုင်ထားသည်။

ကျန်းထင် ချက်ချင်း ဘဲလ်တီးလိုက်​၏။ ယန်ရှယ်​ကို အထူးတလည် စောင့်ကြည့်ရန် ညဂျူတီလဲထားသော အထူးကုဆရာဝန်ကြီးကိုယ်တိုင် သူနာပြုများခေါ်လာပြီး ရုပ်ပိုင်းဆိုင်ရာအခြေအနေကို စမ်းသပ်စစ်ဆေးပြီးသော် ခေါင်းညိတ်လျက် ပြောလေသည်။

"နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန် အခြေအနေအကုန် ကောင်းပါတယ်။ ခွဲစိတ်ထားတဲ့ ဒဏ်ရာကြောင့် နာတာကျင်တာက ပုံမှန်ပါပဲ။ တစ်ခုပဲ ဒီကောင်လေးက တအားသန်တော့ သူဟိုလှည့်ဒီလှည့်လုပ်ရင်း ဒဏ်ရာကိုမဖိမိအောင် လူနာစောင့်တဲ့ မိသာစုဝင်အနေနဲ့ သေချာဂရုစိုက်ကြည့်နေဖို့တော့လိုမယ်။"

မျက်ခုံးများတွန့်ချိုး၍ အဆက်မပြတ် ညည်းတွားလျက် မျက်နှာနှင့် ဂုတ်ပိုးတစ်လျှောက်လုံး ချွေးများနစ်နေသော ယန်ရှယ်ကို ကျန်းထင်ကြည့်ရင်း မမေးဘဲမနေနိုင်တော့။

"အကိုက်အခဲပျောက်ဆေးထိုးပေးလို့မရဘူးလား?"

ဆရာဝန်ကြီး မဖြေရသေးခင်မှာပင် သူနာပြုအသစ်လေးထံမှ အသံထွက်လာ​၏။

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now