အပိုင်း(၂၅)- ငါကြည့်ချင်တဲ့အချိန်ကြည့်လို့ရတယ်

2.2K 452 49
                                    

"ငါတို့နှစ်ယောက်ရဲ့ အရပ်အမောင်းကွာခြားမှုအရဆို မင်းကိုငါကြည့်ချင်တဲ့အချိန် ကြည့်လို့ရတယ်။ တမင်သက်သက် အကွက်ချနေစရာကိုမလိုတာ။"

-------------------------------------------------

ယမန်နေ့ညက ကျန်းထင် "ဆေးသုံးခဲ့သည်" ဆိုပြီး သိလိုက်သည့်အချိန်သည် သူ့ဘဝတွင် အတုန်လှုပ်အချောက်ချားဆုံး ဆယ်စက္ကန့်ဖြစ်ခဲ့ပါလျှင် ယခုအချိန်သည်ကား ယန်ရှယ်ဟာ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ကျွမ်းကျင်ပိုင်နိုင်မှု တို့အပြည့်နှင့် ယောက်ျားကောင်းတစ်ယောက်ဖြစ်ကြောင်း သူ​၏အခြေခံလူ့ကျင့်ဝတ်သိနားလည်မှုတို့ကို စမ်းစစ်ရန် အကောင်းဆုံး အချိန်ပင်ဖြစ်လေသည်။

ယန်ရှယ်မှာ စိတ်ကိုအတတ်နိုင်ဆုံးထိန်းလျက် လက်ညှိုးနှင့်လက်မသုံး၍ ကျန်းထင်​၏လက်ကို ကိုင်လိုက်​သည်။ သူ့စိတ်နှင့်သူဆိုလျှင် ဤနားကြပ်ငယ်အား ကားအပြင်ဘက်လွှင့်ပစ်ကာ စိတ်လိုက်မာန်ပါဖြင့် အကြိမ်နှစ်ဆယ်မျှ တက်ကြိတ်ပစ်ချင်ပါ​၏။ သူကိုယ်သူ ထိန်းချုပ်ဖို့ အစွမ်းကုန် ကြိုးစားထားလေရာ မျက်နှာကြောတို့ပင် တောင့်တင်းနေလေသည်။

"......ဆေး.....ဆေးပြီးသားလား?"

"?"

ကျန်းထင် ပြန်ဖြေလိုက်သည်။

"ဒီလိုလျှပ်စစ်ပစ္စည်းလေးတွေက ရေနဲ့ထိရင်ပျက်သွားမှာပေါ့။"

ယန်ရှယ် : ".........."

တစ်ယောက်နှင့်တစ်ယောက် အတန်ကြာစိုက်ကြည့်နေကြသည်။ ကျန်းထင်စိတ်မရှည်လာတော့။

"မင်းလိုချင်သေးတာလား၊ မလိုချင်တော့ဘူးလား?"

ယန်ရှယ်က သူ့လက်မောင်းကို တဖြည်းဖြည်းမြှောက်ပြီး လက်ချောင်းတို့ပါ ကတုန်ကယင်ဖြစ်လာ​၏။ လက်ဆစ်ပေါ်တွင် အားကုန်စိုက်လျက် အိတ်ကလေးကို လက်ချောင်းနှစ်ချောင်းနှင့်ညှပ်ယူပြီး အလင်းအလျင်ဖြင့် ဘောင်းဘီအိတ်ကပ်ထဲ အတင်းထိုးထည့်လိုက်လေသည်။ မျက်မှောက်အချိန်တွင် သူသည် မီးလောင်ပြီး အသံထွက်နေသော ဖျူးကြိုးတစ်ခုနှင့် တစ်ဆယ် ကီလိုမျှ ရှိသည့် C4 တစ်ခုလုံးကို ဖွက်ထားရသည်ဟုပင် ခံစားနေရ​၏။

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now