အပိုင်း(၃၂)-ယန်ရှယ်သာလျှင် အချောဆုံး

2.1K 434 38
                                    

ကျန်းထင် :  " မိန်းကလေးတစ်ယောက်က မူးယစ်ဆေးဝါးရောင်းဝယ်မှုရဲ့ သံသယရှိသူဖြစ်နေတယ်၊ မိန်းကလေးတစ်ယောက်ကျပြန်တော့လည်း ဝက်ဦးနှောက်ကျကျန်ခဲ့တယ်။ ကြည့်ရတာ ယန်ရှယ်သာ အလှဆုံးထင်ပါရဲ့။"
------------------------------

ဖုယန်ရပ်ကွက်၊ ဟယ်ဖင်လမ်း ရဲစခန်း။

မွန်းတည့်ချိန် အစိုးရလေသော နေမင်းကြီးမှာ အစွမ်းကုန်တောက်ပနေပြီး ယမန်နေ့ညက မိုးလေပြင်းထန်ခဲ့သော မုန်တိုင်းကြီးသည်လည်း သူမဟုတ်သည့်အတိုင်း အရိပ်အယောင်ပင်မမြင်ရတော့ချေ။ လမ်းကြောတစ်ခုလုံး အော်သံဟစ်သံ၊ ကားဟွန်းသံ၊ တရစက်ထွက်ပေါ်လာသော အသံတို့နှင့် အမျိုးစုံကြိုးခုန်လျက် သက်ဝင်လှုပ်ရှားနေပေသည်။ လူသူအပေါင်းကား သက်ဆိုင်ရာလုပ်ငန်းကိစ္စများအတွက် ရဲစခန်းငယ်သို့ ရောက်ရှိလာကြပြီး ရပ်နားသည့်နေရာမှ လမ်းပေါ်သို့ သူသူငါငါ တိုးဝေ့မောင်းနှင်သွားကြသော လျှပ်စစ်ကားများလည်း ရှိပေသည်။

ဂါဝန်အင်္ကျီ ဖြူလွလွကို ဝတ်ဆင်ထားသော မိန်းမငယ်​၏ ဒယီးဒယိုင်ခြေလှမ်းတို့မှာ လမ်းကြားဝ၌ ရပ်သွားလေ​၏။

"........"

မြင့်ချည်နိမ့်ချည် လျင်မြန်စွာ လှုပ်ရှားနေသော ရင်ဘက်နှင့်အတူ မသိမသာ ပင့်သက်ရှိုက်ကာ ရဲစခန်းတံခါးဝကို ပြူးကျယ်နေသော မျက်ဝန်းတို့နှင့် ကြည့်မိပါသည်။ ဖြတ်သွားလေသော ကျောင်းသားတို့သည် လွယ်အိတ်များကို ဝေ့ယမ်းလျက် သူမထံ စပ်စပ်စုစု လည်ပြန်ကြည့်လာကြသည်။

နောက်ဆုံးတွင် သူမ ဆုံးဖြတ်ချက်ချကာ ယိမ်းထိုးနေသော ခြေလှမ်းတစ်ခုကို ရှေ့သို့နှင်လိုက်ချေသည်။

"တီ......"

ကားတစ်စီးသည် ဟွန်းသံတစ်ချက်နှင့်အတူ လမ်းသွားလမ်းလာတို့​၏ ဆဲဆိုသံများကိုပါခံယူလျက် သိုးအူကဲ့သို့သော လမ်းကျဉ်းလေးထဲတိုးဝင်လာပြီး မိန်းမငယ်​၏ဘေး၌ ဖြည်းညင်းစွာ လာရပ်လေသည်။ ရုတ်တရက်ဆိုသလိုပင် ကားမှန်ကျလာပြီး ဒေါသတို့ပြည့်သိပ်နေသော အသံနိမ့်နိမ့် ထွက်ပေါ်လာ​၏။

"တက်!"

မီးလျှံတညီးညီးလောင်ကျွမ်းနေသော အပ်ချောင်းနှင့် ခြေအစုံကို ထိုးမိသည့်နှယ် မိန်းမငယ်​၏ ခြေလှမ်းတို့ တန့်သွားချေသည်။ 

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now