အပိုင်း(၂၇)-အကူအညီအတွက်အချက်ပြခြင်း

2.3K 473 61
                                    

"အသက်ကိုရန်ပြုခိုက် အချက်ပြ၍အကူအညီတောင်းမှု"

-------------------------------------------------

"တင်းတန်း?"

မိန်းမငယ်သည် ခေါင်းမော့၍ ယန်ရှယ်ကိုငေးကြည့်လာသည်။ တုန်လှုပ်နေဆဲဖြစ်သော်ငြား လက်ရာမြောက် ကျောက်စိမ်းတုံးလေးပမာ ပြစ်မျိုးမှဲ့မထင် မျက်နှာကိုပိုင်ဆိုင်ထားသူဖြစ်ပါ​၏။သူမသည်ကား မွေးဖွားစဉ်ကပင် အလှတရားတို့ ပိုင်ဆိုင်ခဲ့လေသူဟု ဝန်ခံရပေမည်။

ယန်ရှယ်က ကျန်းထင်ကို 'မြင်လား၊ ငါပြောတာမမှားဘူး' ဟူသောအဓိပ္ပာယ်ပါသည့် အကြည့်နှင့် ကြည့်လိုက်၏။

"ကျွန်တော်က မြို့တော်ရုံးချုပ် မှုခင်းရေးရာစုံစမ်းစစ်ဆေးရေးဌာနက ယန်ရှယ်ပါ။ မင်းတစ်ခေါက်က မြို့တော်ရုံးချုပ်မှာ ကျွန်တော့် လုပ်ဖော်ကိုင်ဖက် မာရှန့်နဲ့ စကားပြောဖူးပါလိမ့်မယ်။"

မြေပြင်တွင် တစ်ဦးတည်းသောတာဝန်ကျသူ အမျိုးသမီးအရာရှိ ဟန်ရှောင်မိန်အား သူ့နားလာရန် ယန်ရှယ်အချက်ပြလိုက်ပြီး ဘာမှမပြောရသေးခင်  တင်းတန်းနှင့် လက်ဆွဲ နှုတ်ဆက်စေလိုက်သည်။

"ကျွန်တော်တို့ မင်းကို မေးစရာတချို့ရှိပါတယ်၊ ကျေးဇူးပြုပြီးဒီဘက်ကိုကြွပါ။"

ထိန်းချုပ်ခန်းထဲ၌ ဒဏ်ရာရရှိခဲ့သော ညစောင့်ကို ဦးခေါင်းဒဏ်ရာမှတစ်ဆင့် ကျန်ရစ်ခဲ့သော DNAစစ်ဆေးရန် ဇီဝဓာတုပညာရှင်တို့က ခေါ်ဆောင်သွားပြီးဖြစ်ရာ ရုံးခန်းပြင်ပတွင် ထိုင်ခုံတချို့ လွတ်နေပါ​၏။

ယန်ရှယ်သည် ဆေးလိပ်ကို လက်ကြားညှပ်ထားသော်လည်း မီးမညှိရသေး။ သူက မီးခြစ်ခြစ်ရင်း သူမအားမေးလိုက်လေသည်။

"ခုနက မင်း မင်းအဖေကိုပြောနေတဲ့ 'မဖြစ်နိုင်ဘူး' ဆိုတာလေ၊ အဲ့ဒါဘာအဓိပ္ပာယ်လဲ?"

"..........."

တင်းတန်း နှုတ်ခမ်းကိုက်လိုက်သည်။ ပြန်လည်ဖြေကြားခြင်းမရှိ။ ထိုအစား သူမက မေးလာ​၏။

"အရာရှိယန်၊ ချူစင်တကယ်ပဲ.....ထိန်းသိမ်းထားတဲ့ဓာတုပစ္စည်းတွေကို ခိုးသွားတာလား?"

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now