အမုန်းတရား၏နောက်တော်ပါး Ep-46
Zawgyi
မီးဖိုခန်းထဲ ဒေါ်ကုအားကူညီပေးနေရင်း ခေါင်းကမိုက်ခနဲဖြစ်လာသလို လူကမူးဝေလာရ၏။ နားထင်ကိုလက်နှင့်ဖိ၍ ထမင်းစားပွဲခုံ၌ မျက်လုံးမှိတ်ရင်း ထိုင်လိုက်သည်။
"အစ်ကိုလေး ဘာဖြစ်တာလဲ"
စိုးရိမ်တကြီးမေးလာသော ဒေါ်ကုက ထိတ်ထိတ်ပျာပျာဖြင့် သူ့အနားအပြေးလေးရောက်လာသည်။
"အစ်ကိုလေး အဆင်ပြေရဲ့လား၊ ဒေါ်ကု ဆရာ့ကိုဖုန်းဆက်လိုက်ရမလဲဟင်"
မောင့်ကိုဖုန်းဆက်ဖို့ ဧည့်ခန်းဘက်သို့သွားရန်ပြင်နေသော ဒေါ်ကုအား အကြောင်းမကြားရန် လက်ဟန်ဖြင့်ပြောလိုက်တော့၊ ဒေါ်ကုက သံပုရာရည်တစ်ခွက်ဖျော်ပြီး ကမ်းပေးလာ၏။ ထိုသံပုရာတစ်ခွက်လုံးကို တစ်ကျိုက်တည်းမော့သောက်လိုက်တော့ ခေါင်းမူးနေသည်မှာ နည်းနည်းသက်သာသလို ခံစားလာရသည်။
"အစ်ကိုလေး ပင်ပန်းလို့ဖြစ်မယ်၊ နားနားနေနေ,နေပါလား. . .လုပ်စရာရှိတာတွေ ဒေါ်ကုပဲလုပ်လိုက်ပါတော့မယ်"
"ကျွန်တော် မပင်ပန်းပါဘူး၊ ပင်ပန်းရအောင်ကလည်း တစ်အိမ်လုံးကိစ္စအဝဝကို ဒေါ်ကုကပဲ ဒိုင်ခံလုပ်နေရတာ၊ တကယ်ဆို ဒေါ်ကုသာ ပင်ပန်းတာပါ"
"မပင်ပန်းပါဘူး အစ်ကိုလေးရယ်၊ ဒေါ်ကုက လုပ်သက်ကြာပြီဆိုတော့ ဒီအလုပ်တွေက ပင်ပန်းတယ်လို့တောင် မထင်ရပါဘူး"
". . . . ."
"အစ်ကိုလေး ရေချိုးပြီးအနားယူလိုက်ပါလား ဘာမှလည်းလုပ်စရာမရှိတော့ပါဘူး၊ ဆရာတို့သားအဖတတွေလည်း မကြာခင်ပြန်ရောက်တော့မှာ"
"ဒါဆို ကျွန်တော် ရေမိုးချိုးပြီး အနားယူလိုက်ဦးမယ်"
"အစ်ကိုလေး တစ်ခုခုခိုင်းစရာရှိရင်ပြောနော်၊ ဒေါ်ကု အောက်ထပ်မှာပဲ ရှိနေမယ်"
"ဟုတ်ကဲ့"
လှေကားနားအထိတွဲကူလိုက်ပြီး အပေါ်ထပ်သို့တရွေ့ရွေ့သွားနေသော ဆရာ့ခင်ပွန်းကို အကြင်နာမျက်ဝန်းများဖြင့် ကြည့်နေမိသည်။ အစ်ကိုလေးက လွန်ခဲ့တဲ့ဆယ်စုနှစ်ကလို မာနမထားတော့။ သူတို့အားလုံးကို ဖော်ဖော်ရွေရွေဆက်ဆံသည်။ ယောကျာ်းလေးတစ်ယောက်ဖြစ်ပေမယ့် လင်ယောကျာ်းအပေါ်ကို ဇနီးမယားတစ်ယောက်လို ပြုမူဆက်ဆံသည်ကတော့ လွန်ခဲ့သောဆယ်စုနှစ်ကအတိုင်း။ သို့သော် ဟိုတစ်ချိန်က မာနကြီးတွေတင်းခံပြီး တစ်ယောက်နဲ့တစ်ယောက် အချစ်မေတ္တာတွေမရှိ။ တစ်ရက်နေလို့ စကားတစ်ခွန်းပင်မပြောကြသော လူနှစ်ယောက်။
ခုချိန်မှာတော့ အချစ်မေတ္တာတွေပေါက်ဖွားလာသလို တွယ်တာစရာသားသမီးတွေနှင့် ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားကြသည်။ ခုလိုကြည်နူးစရာမြင်ကွင်းမျိုးလေးကို မြင်နေရတာနှင့်ပင် သူမ ကျေနပ်နေမိသည်။ ဒီအိမ်၌အလုပ်လုပ်နေသည်မှာ ဆယ်စုနှစ်လောက်ရှိပြီဖြစ်သဖြင့် ထိုကလေးနှစ်ယောက်ဟာ သူမရဲ့သားသမီးတွေပမာ သံယောဇဉ်တွယ်နေမိလေပြီ။
အစ်ကိုလေးအား မြင်ကွင်းမှပျောက်ကွယ်သွားသည်အထိ ကြည့်ပြီးမှ သူမ မီးဖိုးခန်းထဲဝင်၍ လုပ်စရာရှိသည်များကို ဆက်လုပ်နေလိုက်သည်။
YOU ARE READING
အမုန်းတရား၏နောက်တော်ပါး [Completed]
FanfictionM-prage Family Type Fanfiction Wang YiBo & Xiao Zhan