Part-59

5.5K 460 35
                                    

အမုန်းတရား၏နောက်တော်ပါး Ep-59

Zawgyi

ညကအိပ်ရာဝင်တာနောက်ကျပြီး ခရီးပန်းလာကြသည်မလို့ ယခုနံနက်ခင်းတွင်တော့ အိပ်ရာထနေမြင့်နေလေပြီ။ နံနက်ခင်းသည် ကျေးရွာဖြစ်သောကြောင့် ကြက်တွန်သံများ၊ ခွေးဟောင်သံများ၊ နွားခလောက်သံများက ကျယ်ကျယ်လောင်လောင် ကြားရလေသည်။

"မြေးလေးတို့ နိုးလာပြီလား"

ကလေးတွေနှင့်မလို့ အောက်ထပ်အိပ်ခန်းတွင်သာ အိပ်ဖြစ်ကြပြီး၊ အသက်ကြီးပြီဖြစ်သော အဖွားသည်လည်း အောက်ထပ်အိပ်ခန်း၌ ဝါးကုတင်လေးဖြင့် အိပ်စက်၏။ အမြွှာနှစ်ယောက်က မထသေးဘဲ ဆက်လက်အိပ်နေကြနေသည်မလို့ မောင်က ရှောင်းရှောင်လေးကို ပွေ့ချီပြီး ဝါးကုလားထိုင်ပေါ်ထိုင်နေသည့် အဖွားဖြစ်သူအနား ဝင်ထိုင်၏။

"အိပ်ရေးမှ ဝကြရဲ့လား"

"ဟုတ်ကဲ့၊ ကျေးလက်ဒေသမလို့ဖြစ်မယ် ညဘက်တွေတိတ်ဆိတ်ပြီး ဖြတ်သွားဖြတ်လာကားသံတွေမကြားရတော့ မနက်အထိ တစ်ရေးထဲပဲ"

"မြေးသမက်လေး နေရထိုင်ရအဆင်ပြေရဲ့လားကွဲ့"

"ပြေပါတယ်ဗျ၊ အဆင်ပြေတာထက်ကို ပိုအဆင်ပြေပါတယ်"

"အေး. . .အေး ဟုတ်ပြီ၊ ဟုတ်ပြီ၊ ငါ့မြေးတွေမြစ်တွေ အဆင်ပြေရင်ပဲ ဖွားအေက ဝမ်းသာပါပြီ၊ မြို့ပြမှာတွေလို အစားကောင်းအသောက်ကောင်းတွေ ချက်မကျွေးနိုင်ပေမယ့်၊ ခြံထွက် ဖွယ်ဖွယ်ရာရာ​လေး​တွေ​တော့ အဖွားတို့ချက်​ကျွေးနိုင်ပါတယ်"

"အဖွားကပြောတော့မယ် မြို့ပြရဲ့အစားအသောက်တွေက ကျွန်တော်တို့ငယ်ကတည်းက ခုချိန်ထိစားသောက်ခဲ့ရတော့ အီလည်လည်တောင်ဖြစ်နေပါပြီ၊ ကျေးလက်ဒေသရဲ့ လတ်ဆတ်တဲ့ အစားအစာတွေလောက်တော့ မမှီပါဘူးဗျာ"

"ဟား. . .ဟား ဖွားအေမြေးသမက်က တယ်လည်းစကားတတ်ပါဘိကွယ်"

အသက်ခုနှစ်ဆယ်ကျော် ရှစ်ဆယ်နီးပါးဖြစ်သော ဖွားအေသည် ပါးရေတွန့်ပြီး သွားတွေကျိုးနေပေမယ့်၊ ချောမောသည့်ရုပ်အသွင်အပြင်က ကျက်သရေရှိလှသည်။ အသံတွေတုန်ချိပြီး အမြင်အာရုံတွေက​ဝေဝါးကာ သွားလိုရာခရီးကို တုတ်ကောက်အကူအညီဖြင့် အမှီပြု၍သွားရ၏။

"နံနက်စာစားသောက်ပြီးရင် ရွာထဲလျှောက်ကြည့်ဖို့ ကောင်လေးတစ်ယောက် ဖွားအေထည့်ပေးလိုက်မယ်၊ နေ့ခင်းဆိုနေအရမ်းပူတော့ ကလေးတွေနဲ့ဆိုအဆင်မပြေဘူး"

"ဟုတ်ကဲ့ ဖွား"

"ဒေါ်လေးကိုလည်း မတွေ့ပါလား"

အိပ်ခန်းထဲမှထွက်ခဲ့ပြီး ဧည့်ခန်း၌ထိုင်နေတဲ့အတောအတွင်း ဒေါ်လေးရဲ့အရိပ်အယောင်ပင်မတွေ့ရ။ နံနက်ခင်းရှစ်နာရီကျော်ပြီမလို့ ဈေးသွားခြင်းလည်းမဖြစ်နိုင်။ ကျေးလက်သဘာဝအရ နံနက်ခြောက်နာရီကျော်အထိသာ ဈေးရောင်းတတ်ကြပြီး ရှစ်နာရီကျော်ဆိုလျှင် အလုပ်သွားတတ်ကြသည်။

"ထမင်းဟင်းတွေချက်ပြီး သူ့သူငယ်ချင်းရဲ့အဖေ ဆုံးသွားလို့ သွားကူညီပေးတယ်လေ"

"ဪ. . .ဟုတ်"

ကျေးလက်သဘာဝအရ အိမ်ခြေလည်းနည်းပါးကာ လူဦးရေပါနည်းပါးသည့်အတွက် ရွာ၌ပွဲတစ်ပွဲရှိသည်နှင့် အစအဆုံး သွားရောက်ကူညီးပေးတတ်ကြပြီး၊ ဝိုင်းဖွဲ့စားသောက်တတ်ကြတာ ရိုးရာဓလေ့တစ်ခု။ မြို့ပြတွေလို ဟိုတယ်တစ်ခု၌ ဘွတ်ကင်လုပ်ပြီး အစအဆုံးငှါးနေစရာမလိုဘဲ၊ ကျေးရွာမှာတော့ အိမ်ခြံဝန်းကွက်လပ်၌ ဝါးတွေကိုအသုံးပြုပြီး မဏ္ဍာပ်ထိုးကာ ကျွေးမွေးဧည့်ခံကြသည်။

"အို. . .ဖွားအေရဲ့မြစ်ကလေးက ဖွားအေကိုကြည့်ပြီး ရယ်နေပါလား"

"ခစ်. . .ခစ်"

"ဖွားအေရဲ့လက်တွေက တုန်ချိပြီးအင်အားတွေကုန်ခမ်းနေတော့ ဖွားအေမြစ်ကလေးကို ချီမပွေ့နိုင်ဘူးကွဲ့"

ကုလားထိုင်ပေါ်ကျောမှီထိုင်ရာမှ မတ်မတ်ထိုင်ရပ်ပြီး လက်ခုပ်လက်ဝါးတီးကာ ချော့မြူနေသောဖွားအေကို သဘောကျ၍ တခစ်ခစ်ရယ်နေသည့် ရှောင်းရှောင်။ မတ်မတ်ထိုင်နေသော်လည်း အသက်ကြီးပြီဖြစ်သောကြောင့် ခါးကုန်းနေ၏။

"ဒေါ်လေးအပြင်တွေထွက်ရင် ဖွားက အိမ်မှာတစ်ယောက်တည်း ကျန်ခဲ့တာလား"

"ရီအန်ရှင်းအပြင်တွေသွားရင် မြေးတွေ လာကူစောင့်ပေးတယ်လေ၊ နင့်ဒေါ်လေးက ငါအလုပ်တစ်ခုခုထလုပ်လိုက်တိုင်း အော်ငေါက်တယ်"

"ဖွားက အသက်ကြီးပြီလေဗျာ ဒါကြောင့် ဒေါ်လေးက စိတ်ပူပြီးအော်တာပါ၊ မတော်လို့အဖွားထိခိုက်မိရင် ဒေါ်လေးပဲ ဝမ်းနည်းရမှာ"

"အင်း. . .ငါ့သားသမီးတွေထဲမှာ ရီအန်ရှင်းက အလိမ္မာဆုံးပဲ"

". . . . ."

"ငါသာမရှိတော့ရင် ရီအန်ရှင်းတစ်ယောက်တည်း ကျန်ခဲ့ရတော့မယ်၊ အသက်လေးဆယ်ကျော်ပြီဆိုတော့ သူ့ကို ယူမယ့်သူလည်းမရှိတော့ဘူး"

သမီးဖြစ်သူကို လောကအလယ်မှာတစ်ယောက်တည်း ချန်ထားခဲ့ရမည်ကို စိုးရိမ်စိတ်ပူစွာဖြင့်​ ​ပြော​နေသည့်ဖွားအေက ဆယ်ကျော်သက်ကလေးတစ်ယောက်ကို ချန်ထားရမည့်နှယ်။ သို့သော် မိခင်ရဲ့အမြင်မှာ သားသမီးအသက်ဘယ်လောက်ကြီးကြီး ကလေးလေးတစ်ယောက်လို မြင်တတ်ကြသည်မဟုတ်ပါလား။

"ကဲ. . .ကဲ ထမင်းခူးခပ်စားလိုက်ကြနော်၊ မင်းတို့ရဲ့ဒေါ်လေး လယ်ခရုချက်၊ ဝက်သားချဉ်ချက်၊ မှိုနဲ့မျှစ်ကိုကြော်၊ ဈေးကြီးကြီးပေးဝယ်ရတဲ့ ဟင်းတွေမရှိတော့ ရှိတဲ့ဟင်းတွေကို ဖွယ်ဖွယ်ရာရာချက်ပြုတ်ထားတယ်"

"ဈေးကြီးကြီးပေးဝယ်ရတဲ့ ဟင်းတွေမဟုတ်ပေမယ့် အိမ်ထမင်းအိမ်ဟင်းတွေက ကြယ်ငါးလုံးစားသောက်ဆိုင်ကြီးတွေထက် အရသာပိုကောင်းပါတယ် ဖွားရယ်"

"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ. . .မြစ်လေးနှစ်ယောက်ရော မနိုးသေးဘူးလားကွဲ့"

"ခရီးပန်းလာကြလို့ထင်တယ် ညကတည်းက ခုထိတစ်ရေးမနိုးကြသေးဘူး ဖွား"

"အေး. . .အေး"

"ပါပါး"

"ဟော. . .ပြောရင်းဆိုရင်း မြစ်လေးတွေရဲ့အသံကြားရပြီ၊ အရင်ကဆို ဖွားတို့သားအမိပဲရှိတော့ အိမ်ကခြောက်ကပ်ပြီး တိတ်ဆိတ်နေတာ"

"ပါပါး"

"လာ. . .ပါပါးမျက်နှာသစ်ပေးမယ်"

အမြွှာနှစ်ယောက်ကို လက်မှဆွဲခေါ်၍ ခြံဝန်းထဲမှအမိုးအကာဖြင့်ပြုလုပ်ထားသော ရေတွင်းမှ​ရေဆွဲတင်ကာ မျက်နှာသစ်ပေး၏။ ရေဆီတွေမပါဘဲ ကြည်လင်အေးမြနေပြီး အနံ့အသက်မရှိ။

မျက်နှာသစ်ပေးပြီးသည်နှင့် လက်သန့်စင်ကာ မီးဖိုခန်းထဲထမင်းဟင်းတွေခူးခပ်ပြီး စားပွဲပုဝိုင်းလေးတွင် ထမင်းလက်ဆုံစားကြသည်။ ဖွားအေက သူတို့မနိုးခင်ကတည်းက ခူးခပ်စားပြီးပြီဆိုသောကြောင့် သူတို့မိသားစုသာ စားဖြစ်ကြသည်။

မြို့မှာတွေလို ဇွန်းခက်ရင်းများကိုအသုံးပြုပြီး မစားသောက်ဘဲ တောဓလေ့အတိုင်း လက်ရေဆေးကာ ရွာမှစိုက်ပျိုးပြီးဖြစ်ထွန်းလာသော ဆန်နှင့် လယ်တွေ၌တွေ့ရတတ်သော ခရုလေးများကို မြှိန်ယှက်စွာစားသောက်ဖြစ်၏။

စားသောက်နေချိန် ဖွားအေကိုအဖော်ပြုနေပေမယ့် ကောင်မလေးတစ်ယောက်နဲ့ ရွာထဲလျှောက်ကြည့်ဖို့ အဖော်အဖြစ်လိုက်ပို့ပေးမည်ဖြစ်သော ကောင်ကလေးတစ်ယောက် ရောက်လာသည်ကြောင့်၊ စားသောက်တာတွေကို လက်စသတ်သိမ်းဆည်းပြီး ပြင်ဆင်ရသည်။

အားလုံးပြင်ဆင်ပြီးသည်နှင့် ဖွားအေတို့ကိုနှုတ်ဆက်ကာ လိုက်ပို့ပေးမည်ဖြစ်သော ကောင်ကလေးနောက်ပါးဆီမှ မိသားစုအလိုက် လိုက်ပါရ၏။ မောင်က ရှောင်းရှောင်လေးကို ချီပိုး၍ သူ့လက်တစ်ဖက်တစ်ယှက်စီတွင် အမြွှာနှစ်ယောက်က ဆွဲကိုင်ထားကြသည်။

"ဟို. . .ညီ"

လိုက်ပို့ပေးမည့်သူဟာ ဖွားအေရဲ့မြေးဖြစ်ပြီး သူ့ရဲ့ညီဝမ်းကွဲတော်စပ်သော်လည်း မမြင်ဖူး၊ မသိဖူးသောကြောင့် ကိုယ့်ဘက်ကစခေါ်လိုက်၏။ လှည့်ကြည့်လာသောကောင်လေးသည် အသက်အရွယ်အားဖြင့် သူ့ထက်ခုနှစ်နှစ်ခန့်မျှ ငယ်လောက်သည်။ ရွာသားဖြစ်ပေမယ့် ဖြူသောအသားအရေ၊ မြင့်မားသောအရပ်၊ တန်သင့်သောခန္ဓာကိုယ်နှင့် ကြည့်ကောင်းသည့်ရုပ်ရည်သွင်ပြင်က ပနံသင့်စွာလိုက်ဖက်ပေသည်။

"ဗျာ. . .ကျွန်တော့်ကို ခေါ်တာလား"

"အင်း. . .ညီ့ နာမည်ဘယ်လိုခေါ်လဲ"

"လုရီထျန်းပါ၊ ဖွားအေရဲ့အကြီးဆုံးသမီးရဲ့သားပါ"

"ကျောင်းရောပြီးပြီလား"

"ဟင့်အင်း. . .အလယ်တန်းကတည်းက ထွက်လိုက်တာ"

တဖန်နှုတ်ဆိတ်သွားပြန်၏။ ရှောင်းရှောင်လေးကိုချီပိုးပြီး လက်တစ်ဖက်က ထီးကိုင်ထားရသည်။ ဆယ်နာရီအချိန်ဖြစ်သောကြောင့် နေအပူချိန်က ပြင်းလွန်း၏။

လမ်းကြားကလေးတွေသည် ကွန်ကရစ်လမ်းမဟုတ်သလို ကတ္တရာလမ်းလည်းမဟုတ်။ ချိုင့်ဝှမ်းရှိသည့်နေရာလေးတွေကို ကျောက်ခဲများဖုံးအုပ်ထားသောကြောင့် မညီမညာဖြစ်ကာ ကား၊ ဆိုင်ကယ်၊ ကျွဲနွားများဖြတ်သွားပါက ဖုန်လုံးကြီးများက အလိပ်လိုက်။

အုတ်နံရံတွေမဟုတ်ဘဲ ဝါးလုံးများကိုခွဲပြီးကာရံထား​သော ခြံဝန်းများကို ဖြတ်လျှောက်လာသည့်တစ်လျှောက် မြင်တွေ့ရသည်။ ခြံဝန်းကွက်လပ်အရိပ်အာဝါသရှိ​သော သစ်ပင်အောက်တွေတွင် ကလေးတွေစုရုံးပြီး ကစားနည်းပေါင်းစုံဆော့ကစားကာ သဘောတကျရှိနေကြသည်ကိုကြည့်ပြီး အမြွှာနှစ်ယောက်က မျက်နှာမလွှဲနိုင်ဘဲ ရပ်ကြည့်တတ်ပြန်သည်။

အိမ်ရှေ့၌ဆိုင်ခန်းလေးပြုလုပ်ကာ မုန့်ဆိုင်လေးတွေကို ဖြတ်ကျော်တိုင်းလည်း အမြွှာနှစ်ယောက်က ကျန့်ရဲ့လက်ကိုဆွဲပြီး လက်ညှိုးတထိုးထိုးနဲ့ မစားဖူးသောမုန့်များကို ဝယ်ကျွေးခိုင်းတတ်ပြန်သည်။

စပါးတွေရိတ်သိမ်းပြီး တစ်လအကြာမှာ မြေပဲတွေစိုက်ပျိုးပြီး ပဲဆီစစ်စစ်ရရှိရန်အတွက် ပဲတောင့်တွေကို မြေကွက်လပ်၌ဘဲဖျာတွေနှင့် အခြောက်လှန်းနေကြသည်ကို တွေ့ရ၏။ နေပူပြင်းသည့် မနက်ခင်းအချိန်မလို့ ထွန်ခြစ်တွေဖြင့် အပေါ်အောက်လှန်ကြလေသည်။

တစ်ချို့ရွာသားတွေက သူတို့ကို သိသိသာသာရော မသိမသာပါကြည့်နေကြသည်ကို သတိထားမိ၏။ ရွာခံလေး ကိုယ့်အရှေ့ကဖြတ်လျှောက်လျှင်တောင် ကြည့်တတ်ကြသည်မလို့ မျက်နှာစိမ်းဧည့်သည် ကိုယ့်အိမ်ရှေ့မှဖြတ်သွားတာကို အထူးတလည်ကြည့်ကြတာမဆန်း။

ကိုယ့်ဆွေမျိုးသားချင်းအိမ်တွေကို လိုက်ပို့ပြီးမိတ်ဆက်​ပေးသည့် လုရီထျန်းကြောင့် အနှစ်နှစ်အလလကွဲကွာ​နေရ​သော ဆွေမျိုးသားချင်းတွေနဲ့ပါ အနေမစိမ်းတော့ပဲ ရင်းရင်းနှီးနှီးဖြစ်သွားရသည်။ ကလေးတွေကိုပါ ပွေ့ချီရှိုက်နမ်းကြပြီး လက်လုပ်မုန့်တွေ တစ်မျိုးပြီးတစ်မျိုးကျွေးကြပြန်၏။ ကလေးတွေကလည်း အနေမစိမ်းပဲ ခေါ်တဲ့သူတိုင်းနောက် သဘောတကျ သွားကြသည်။






အမုန်းတရား၏နောက်တော်ပါး [Completed]Where stories live. Discover now