အမုန်းတရား၏နောက်တော်ပါး Ep-64
Zawgyi
ကောင်ကင်တစ်ခွင် ကြည်လင်တောက်ပနေပြီး နေလုံးကြီးရဲ့အလင်းရောင်ကြောင့် အရိပ်အာဝါသမရသည့် မြေပြင်ကျယ်ကြီးသည် ပူကျစ်နေသည်မှာ အချိန်တစ်ခဏရပ်မိလျှင်ပင် အသားကျက်သွားရမည်အထိ။
အခင်းတဲလေးမှာ ရွာနှင့်နီးသော်လည်း ကားဆိုင်ကယ်များဖြတ်သွားဖြတ်လာမရှိသော ကျေးရွာငယ်ကလေးပေမလို့ စက်အင်ဂျင်သံများအစား ကျေးငှက်များရဲ့အော်မြည်သံလေးများသာ ကြားရလေသည်။ သီးပင်စားပင်များစိုက်ပျိုးထားသောကြောင့် အခင်းပေါင်းသိမ်းရန် ဒေါ်လေးနှင့်အတူ သူတို့မိသားစုပါ လိုက်ပါလာ၏။
ဓနိဝါးထရံနှစ်ဖက်ကာပြီး သက်ကယ်အမိုးဖြစ်သည်ကြောင့် လေတစ်ချက်ချက်တိုးဝှေ့လာတိုင်း ကာရံမထားသည့်အခြမ်းဘက်မှ တိုက်ခတ်လာသည့်လေများကြောင့် ပင်ပန်းမှုတွေပင်ပျောက်သွားရသည်။ သစ်ပင်အရိပ်အာဝါသရှိသောနေရာ၌ ဆောက်လုပ်ထားသည်ဖြစ်သောကြောင့် ပို၍ပင် နေထိုင်ကောင်း၏။
ပေါက်ပြားတစ်လက်ဖြင့် နေပူကြဲကြီးထဲအလုပ်,လုပ်နေရသည်မှာ မသက်သာလှ။ အင်္ကျီလက်ရှည်ဝတ်ပြီး ဝါးလက်ခမောက်ဆောင်းထားသော်လည်း ပူပြင်းလှသည့်နေဒဏ်က ချွေးတစ်ပေါက်ပေါက်ကျစေကာ နုံချိပြီးမောပန်းနေစေသည်။
မလုပ်ဖူးသည့်အလုပ်၊ မစားဖူးသည့်အစားအစာတွေကို တစ်သက်နဲ့တစ်ကိုယ်လုပ်ကိုင်ရမည် မထင်ခဲ့သော်လည်း ယခုလက်တွေ့ဘဝမှာ လုပ်ကိုင်ဖူးလေပြီ။
"သားဝမ်. . .နားတော့၊ နားတော့ နေအရမ်းပြင်းတယ်၊ နားနားနေနေလုပ်၊ မနားမနေလုပ်လဲ ဒီတစ်ရက်တည်းနဲ့ပြီးသွားမှာမဟုတ်ဘူး၊ ညနေခင်းနေအေးမှ ပြန်ဆက်ကြတာပေါ့"
ဆောင်းထားသည့်ခမောက်ကိုချွတ်၍ ယပ်ခပ်နေသည့်ဒေါ်လေးက သစ်ပင်အရိပ်အောက်မှနေကာ အော်ဟစ်ပြောဆိုလာ၏။ ဖြူဖွေးနေသည့်အသားအရည်ကြောင့် မျက်နှာတစ်ပြင်လုံး နီဆွေးနေလေသည်။ ထောင်ထားသည့်ဒူးခေါင်းပေါ်လက်တင်ကာ မြေပြင်ပေါ်အကျအနထိုင်နေသည့် ဒေါ်လေးဖြစ်သူကြောင့် မောပန်းနေသည့်ကြားမှ ခပ်ဟဟရယ်လိုက်မိသေးသည်။
သီးပင်စားပင်များဟုဆိုသော်လည်း အများဆုံးစိုက်ထားသည်က ကျန့်ရဲ့အမုန်းဆုံးဖြစ်သော ခရမ်းသီးများပင်။ ဒူးခေါင်းကျော်ထိရှည်နေပြီမလို့ အသီးကင်းလေးတွေပင် သီးနေလေပြီ။
"ဟဲ့. . .ဟဲ့ ရီနှစ်ရီကောင်တွေ အဲဒါမြက်ပင်မဟုတ်ဘူး၊ အမယ်လေးတော် ငါ့ရဲ့မလေးရှားပိတောက်ပင်တွေတော့ ကုန်ပါပြီ"
ယပ်ခပ်နေသည့်ခမောက်ကို မြေပြင်ပေါ်ပစ်ချပြီး အမြွှာနှစ်ယောက်ထံသို့ ဒုန်းဆိုင်းပြေးသွားသည့် ဒေါ်လေးဖြစ်သူကြောင့် သူပါပေါက်ပြားကိုပစ်ချ၍ ဒေါ်လေးနောက်ပြေးလိုက်ရပြန်သည်။
ကျယ်လောင်လှသည့်ဒေါ်လေးအသံကြောင့် မျက်လုံးလေးတွေမှေးစင်းကာ အိပ်ပျော်တော့မည့်ရှောင်းရှောင်လေးမှာ လန့်ဖျပ်၍တုန်တက်သွား၏။ ဘာဖြစ်မှန်းမသိသော်လည်း ဒုန်းဆိုင်းပြေးသွားသည့် တူဝရီးနှစ်ယောက်ကြောင့် သူလည်း ရှောင်းရှောင်လေးကိုပွေ့ချီကာ မောင့်နောက်ပါးဆီသို့ ထပ်ကြပ်မခွာပြေးလိုက်လာရသည်။
တူဝရီးနှစ်ယောက်ရပ်လိုက်သည့်နေရာသည် သားနှစ်ယောက်မြက်ပင်နှုတ်နေသည့်နေရာဖြစ်ပြီး နံဘေးတွင်လည်း မြက်ပင်လေးတွေမှာ အစုလိုက်အပြုံလိုက်။ ဒေါ်လေးဘာဖြစ်မှန်း သူတကယ်မသိ။
"ဒီအပင်တွေရဖို့ အချိန်ဖတ်ာတော်ပေးပြီး ပြုစုထားရတာ၊ ခုတော့. . .ငါ့မလေးရှားမိတောက်ပင်တွေ"
ဒေါ်လေးပြောသည့် မလေးရှားပိတောက်ပင်တွေမှာ အမြွှာနှစ်ယောက်ရဲ့ကောင်းမှုကြောင့် မြေပြင်ပေါ်အစုလိုက်အပြုံလိုက်။ သူကိုယ်တိုင်ကလည်း မလေးရှားပိတောက်ပင်တွေမှန်းမသိ၊ ထိကရုံးပင်လို့သာ ထင်မိခဲ့သည်။အရွက်ရောအရောင်တွေပါ တူနေသော်လည်း ထိကိုင်မိလိုက်လျှင် ညှိုးကျသွားခြင်းမရှိတာကိုပင် ခွဲခြားရပေမည်။
"ဝမ်ရီပေါ်ရယ်. . .နင့်သားတွေကြောင့် ငါ့ရဲ့အပင်တွေတော့ကုန်ပါပြီ၊ အခုမှပေါက်စလေးတွေဆိုတော့ ပြန်စိုက်လို့လည်းရမှာမဟုတ်တော့ဘူး"
အပြစ်လုပ်ထားကြသည့်သူတွေမလို့ အသံတိတ်ကာ ခေါင်းငုံ့နေကြသည့်အမြွှာနှစ်ယောက်ကိုတစ်လှည့် အပင်တွေကိုနှမြောတသဖြစ်ကာ ငိုသံပါကြီးဖြင့်ပြောနေသည့် အဒေါ်ဖြစ်သူကိုတစ်လှည့်ကြည့်၍ သက်ပြင်းသာချမိ၏။
"ဘယ်အချိန်ကတည်းက နှုတ်ထားမှန်းမသိဘူး ဒီမှာနှုတ်ပြီးသားတွေအများကြီးပဲ"
"သားသားလေးတို့က မြက်ပင်ထင်လို့ပါ"
"ဒီလိုအပင်လေးတွေနဲ့တူတယ်၊ ဟောဒီမှာကြည့်"
"အမယ်လေး. . .လေး ကုန်ပါပြီတော်၊ ကုန်ပါပြီ အမေရဲ့"
ဒေါ်လေးပြောဆိုနေသည့်ကြားမှ ရီကျန့်က ထိကရုံးပင်ကိုနှုတ်၍ပြသရာ၌ ရီရှောင်သည် ဇိုးခနဲဇတ်ခနဲ မလေးရှားပိတောက်ပင်လေးကိုနှုတ်ပြီး နှိုင်းယှဉ်ပြလေသည်။ အဒေါ်သွေးတက်ရင်လည်း သွေးတက်စရာပင် နှုတ်ထားလိုက်သည့်အပင်တွေမှာ တစ်တောင်ပင်ရှိတော့မည့် အပုံတစ်ပုံစာရှိနေလေပြီ။
"နှုတ်ပြီးမှတော့ ဘာတတ်နိုင်တော့မှာလဲ ပစ်လိုက်ရုံပဲရှိတော့မှာပေါ့"
"တောင်းပန်ပါတယ် ဒေါ်လေးရယ်"
"ရတယ်၊ ရတယ် ကလေးတွေမသိလို့လုပ်လိုက်တာပဲ ထားလိုက်တော့"
မျက်နှာလေးညှိုးကျပြီး စိတ်မကောင်းဖြစ်နေသည့်ဒေါ်လေးကြောင့် သူတို့နှစ်ယောက်လည်း အားနာရသည်။ ဒေါ်လေးကိုအလုပ်ကူဖို့လိုက်လာသော်လည်း သူတို့တွေကြောင့် စိတ်ညစ်ရလေပြီ။ အပင်ပေါက်တွေကို နှမြေတသဖြစ်ကာ မြေပြင်ပေါ်ထိုင်ချလိုက်သည့် ဒေါ်လေးကြောင့် ဘာဘုပ်လို့ဘာကိုင်ရမှန်းပင်မသိ။
တောင်းပန်စကားဆိုရုံမှအပ ဘာမှလုပ်ပေးပိုင်ခွင့်မရှိ။ ကလေးနှစ်ယောက်ကိုဆုံးမလျှင်လည်း သူမမြေးတွေကိုမရိုက်ပါနဲ့ဆိုပြီး တားဆီးပေးဦးမည်။
"ကဲ. . .ကဲ စိတ်မကောင်းမဖြစ်နဲ့ ဒေါ်လေးအပင်မျိုးစိတ်တွေဝယ်ပြီး ပြန်စိုက်လို့ရတယ်၊ ကလေးတွေကိုလည်း ဆူဆဲရိုက်ပုတ်မနေနဲ့ဦး ငါ့မြေးတွေကမသိလို့လုပ်လိုက်တာ"
"ဖွားဖွားလေး သားသားလေးတို့ တောင်းပန်ပါတယ်"
"တောင်းပန်ပါတယ်"
"ဘာမှမဖြစ်ဘူး ဟုတ်ပြီလား၊ ဖွားဖွားလေး ခွင့်လွှတ်တယ်"
ဒီရွာရောက်တာတစ်ဆယ်ရက်ကျော်သာဖြစ်သော်လည်း ဆွေးမျိုးသားချင်းတွေကို အနေမစိမ်းဘဲ စကားတတ်သည့်အမြွှာနှစ်ယောက်ကြောင့် ဆွေမျိုးသားချင်းတွေက အချစ်ပိုရပြန်သည်။ ခုလည်း ဒေါ်လေးရဲ့ရင်ခွင်ထဲဝင်ကာ တောင်းပန်စကားဆိုနေကြသည်ကိုကြည့်ပြီး ပြုံးမိရပြန်သေးသည်။
"ဒီနေ့တော့ စောစောပြန်ကြတာပေါ့၊ နေကအရမ်းပြင်းပေမယ့် အနောက်ဖက်က မိုးတွေအရမ်းမည်းတက်လာပြီ မကြာခင်မိုးရွာလိမ့်မယ်၊ နေပူပြီးမိုးရွာရင် ကြောက်ဖို့ကောင်းတယ်"
"ဟုတ်"
"အခုကအပင်တွေစိုက်စမလို့ ကောက်စရာသီးနှံတွေလည်း သိပ်မရှိသေးဘူး၊ ခဏနားပြီး ပစ္စည်းတွေသွားသိမ်းကြ ကလေးတွေနဲ့ဆိုတော့ စောစောပြန်မှရမယ်"
"ဟုတ်ကဲ့"
အနောက်ဖက်ခြမ်းကောင်ကင်တစ်ခွင်လုံး မည်းတက်လာပြီး နေရောင်ပင်ပျောက်ကာ မကြာခင်မိုးရွာတော့မည့်ဟန်ရှိသောကြောင့် ပစဏည်းတွေမြန်မြန်သိမ်းရ၏။ နွေရာသီဖြစ်သော်လည်း ရာသီဥတုမမှန်သည်ကြောင့် မိုးမကြာခဏရွာတတ်ပြီး ရွာနှင့်တောစပ်နားရှိ ရေချောင်းကလေးသည် ရေကြီးတတ်၍ သွားလာရခက်ခဲသလို၊ နေပူပြီးမိုးရွာလျှင် မိုးကြိုးတွေပါပစ်တတ်သောကြောင့်ပင်။
နေရောင်ကျသွားသည်နှင့် ထုပ်ပိုးထားသည့်ပစ္စည်းတွေကိုမ,၍ အိမ်သို့ပြန်လာခဲ့ကြ၏။ တောလမ်းလေးဖြစ်သော်လည်း လူသွားများသည့်လမ်းကြောင်းကလေးမို့ ကားနှစ်စီးယှဉ်မောင်း၍ရလောက်အောင် ကျယ်ဝန်းပြီး ဖုန်အလိပ်လိပ်ဖြင့်ပြောင်ရှင်းနေသည်။
တစ်ဖက်တစ်ယှက်စီ၌ ပေါက်ရောက်နေကြသော တောပန်းကလေးများ၊ မြက်ပင်ကလေးများ၊ အရွယ်ဆိုဒ်စုံရှိသော သစ်ပင်ကြီးများက လေအဝှေ့မှာ ဟိုဒီယိမ်းခါလျက် ရှိနေ၏။ အမြွှာနှစ်ယောက်ရဲ့ ဟိုရောက်ဒီရောက် တေးကဗျာလေးတွေကို သီဆိုနေသည့်အသံစူးစူးလေးတွေကလည်း တောတောင်တွေကြား၌ ကျေးငှက်အသံလေးတွေနှင့်ရောစပ်ကာ အလွန်နားထောင်ကောင်းလှသလို စိတ်ချမ်းသာရလေသည်။
လမ်းကြောင်းလေးအတိုင်း ခုန်ပေါက်ပြေးလွှားပြီး လမ်းမပေါ်ထက်ကိုင်းကျနေသည့် မြက်ပင်ရိုင်းလေးတွေကိုလည်း မမှီတဲ့အရပ်ကိုခုန်တက်ပြီး လိုက်ဖမ်းဆုပ်ကြကာ တခစ်ခစ်အော်ရယ်သံလေးတွေက တောတောင်ကြားထဲပျံ့နှံ့လေသည်။
တောလမ်းတစ်လျှောက် ကိုယ်ပိုင်စိုက်ခင်းတဲလေးများမှ အထုပ်အပိုးတွေဖြင့် အိမ်ပြန်ရန်ထွက်လာကြသည့် မျက်နှာစိမ်းရွာခံများကလည်း အမြွှာနှစ်ယောက်ကိုကြည့်ကာ သဘောတကျ အပြုံးပန်းတွေဝေဆာနေကြသည်မှာ တစ်ချက်တစ်ချက် ရယ်သံတွေပင်ထွက်ကျလာ၏။
ရွာနှင့်တောစပ်ကလေးကို ခြားထားသည့်ရေချောင်းသို့ရောက်သော်လည်း လူကြီးတွေရဲ့ဒူးခေါင်းလောက်ရှိသော ရေအနက်ကြောင့် ရွာခံတွေက အမြွှာနှစ်ယောက်ကိုပွေ့ချီကာ တစ်ဖက်ကမ်းသို့ ပွေ့ချီပေးကြ၏။
"ကျေးဇူးတင်ပါတယ်ခင်ဗျ"
"ငယ်လေးလည်း ကျေးဇူးတင်ပါတယ်ခင်ဗျ"
ခါးလေးတွေကိုင်းကာ ကျေးဇူးတင်ကြောင်းပြောနေကြသည့် ဝကစ်ပြီးဖြူဖွေးဥနေသည့် ဆင်တူရုပ်ကလေးတွေဖြင့် ချစ်စရာကောင်းနေသော ကလေးနှစ်ယောက်ကြောင့် ပါးဖောင်းဖောင်းလေးတွေကို ခပ်ဖွဖွဖျစ်ညှစ်ကြတော့ အမြွှာနှစ်ယောက်ထံမှ တခစ်ခစ်အော်ရယ်သံထွက်ပေါ်လာသည်မလို့ ရီပေါ်နဲ့ ရှောင်ကျန့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြုံးမိလိုက်သေးသည်။
မြို့ပြတွင်နေထိုင်တုန်းက သူချေကိုယ်ချေလုပ်ခဲ့ကြသည့် ကိုယ်တော်နှစ်ပါးလေးက ဒီကျေးလက်ဒေသမှရွာခံတွေရဲ့ ပါးတွေဖျစ်ညှစ်ခံရတာကိုပင် ကျေကျေနပ်နပ်ကြီးဖြင့် သဘောတကျရှိနေကြသည်မှာ သူတို့အဖို့ မယုံနိုင်လောက်အောင်ဖြစ်ရသည်။
ထိုရွာခံတွေနှင့်ရွာအဝင်ဝတွင် လမ်းခွဲပြီး ကိုယ့်အိမ်ကိုယ့်ရာသို့ အသီးသီးပြန်လာခဲ့ကြလေသည်။
YOU ARE READING
အမုန်းတရား၏နောက်တော်ပါး [Completed]
ФанфикM-prage Family Type Fanfiction Wang YiBo & Xiao Zhan