အမုန်းတရား၏နောက်တော်ပါး Ep-58
Zawgyi
ဟိုက်ဝေးလမ်းမကြီးတစ်လျှောက် တောတောင်ကြီးများ၊ လယ်ကွင်းများ၊ စိုက်ခင်းများ၊ ချောင်းမြောင်းကလေးများနှင့် ကားလမ်းနံဘေးတွင် သဘာဝပေါက်ရောက်နေကြသော သစ်ပင်ကြီးများကို ငေးကြည့်ရင်း ရှောင်းရှောင်လေးကိုချီပိုးပြီး လိုက်ပါလာ၏။ အမြွှာနှစ်ယောက်သည် ကားနောက်ခန်းတွင် အပြင်လောကကိုကြည့်၍ လတ်ဆတ်သောလေများကို တစိုက်မတ်မတ် ရှူရှိုက်နေကြသည်။ ကားမောင်းနေသည့်မောင်ကတော့ လတ်ဆတ်သည့်လေတွေကို မျက်လုံးမှိတ်မခံယူနိုင်။ အားလုံးဘေးကင်းဖို့ရန်အတွက် လမ်းကြောင်းကိုသာကြည့်ပြီး သေချာဂရုတစိုက် ကားမောင်းနေရသည်။
ကားပြတင်းပေါက်မှတစ်ဆင့် တိုးဝင်တိုက်ခတ်လာသည့်လေများက ပင်ပန်းနွမ်းလျမှုတွေပင် သက်သာပျောက်ကင်းသွားစေသလို။
သားလေးတွေရဲ့နွေရာသီကျောင်းပိတ်ရက်တစ်ဖြစ် မောင့်ရဲ့အလုပ်နားရက်လည်းဖြစ်သောကြောင့် မိသားစုအလိုက် မြို့ပြတွေရဲ့အဝေးတစ်နေရာ ခရီးထွက်ခဲ့ခြင်းပင်။ ခရီးမထွက်ခင် တစ်ပတ်အလို ခရီထွက်ကြပါလားဆိုပြီး မောင့်ရဲ့မိခင်က ပြောလာသော်လည်း ဘယ်သွားရမှန်းမသိသောကြောင့် မားကဒီကျေးရွာလေးကို လမ်းညွှန်ခဲ့ခြင်း။
ရင်ခွင်ထဲမှ ချီပိုးထားခံရသည့် ရှောင်းရှောင်လေးရဲ့ ပျော့ပြောင်းသည့်ဆံနွယ်ငုတ်တိုလေးတွေက လေပေါ်ပျံဝဲနေသည်။ သွားဖုံးရဲရဲလေးတွေပေါ်သည်အထိ အသံထွက်အောင်ရယ်ရင်း လက်ကလေးတွေကို လှုပ်ယမ်းနေ၏။
"ဝါး. . .ဒက်ဒီ သားသားလေးအိပ်ချင်တယ်"
အာသမ်း၍ပြောနေသည့် သားငယ်လေးသည် မျက်လုံးတွေမှေးစင်းပြီး တစ်ချက်တစ်ချက် ခေါင်းငိုက်စိုက်ကျနေလေပြီ။ တစ်လမ်းလုံးကားစီးလာရကာ ခရီးတစ်ထောက်ပင်မနားခဲ့တော့ ကလေးတွေပင်ပန်းပြီးအိပ်ချင်လောက်ရောပေါ့။
"အင်း. . .ဒက်ဒီကားရပ်ပြီး အိပ်ရာပြင်ပေးမယ်နော်"
"ဟ. . .ဝါး. . .ဟုတ်"
ရီပေါ် ကားကို အရိပ်အာဝါသရှိသည့်နေရာတွင် ရပ်လိုက်ပြီး ကားပေါ်ကဆင်းကာ ကားနောက်ဖုံးကိုဖွင့်၍ ယူစရာရှိသည်များယူပြီး၊ သားငယ်ထိုင်နေသည့် ကားနောက်ခန်းတံခါးကိုဖွင့်ဝင်၍ သက်တောင့်သက်သာအိပ်ပျော်စေရန် ပြင်ဆင်ပေးပြီး အိပ်စေ၏။ စောင်ပါးလေးကိုရင်ဘတ်အထိ ဆွဲခြုံစေပြီး ကားမှန်တံခါးကိုတင်ရသည်။
"ရီကျန့်ရော အိပ်ချင်လား၊ ဒက်ဒီ အိပ်ရာပြင်ပေးမယ်"
ရီကျန့်ဘက်ကိုသွားပြီး ဆံပင်လေးတွေကို လက်နဲ့ဖွဖွပွတ်သပ်ပြီးမေးတော့ ခေါင်းခါပြ၏။
"မအိပ်ချင်သေးရင် မုန့်စားမလား၊ ဒက်ဒီ သွားယူခဲ့မယ်"
"သားသားလေး ရှူးပေါက်ချင်တယ်"
"အာ. . ."
ရှူးပေါက်ချင်တယ်ဆိုတဲ့ သားကြီးကြောင့် ပတ်ဝန်းကျင်ကို လေ့လာကြည့်ရသည်။ ဒီလိုနေရာတွေမှာ ဖြစ်ကလက်ဆန်း အပေါ့အပါးသွားလို့မဖြစ်။ ဒီနေရာအကြောင်း ဘာမှမသိတဲ့သူလည်းဖြစ်ကာ၊ လယ်ကွင်းတွေ၊ သစ်ပင်ကြီးတွေရဲ့အလယ် ကားလမ်းဖြစ်သောကြောင့် ပို၍ပင် သတိဝီရိယရှိရမည်။
"အာ. . .ဟုတ်ပြီ၊ ဒက်ဒီ အပေါ့သွားလို့ရမယ့်နေရာသိပြီ၊ လာခဲ့ ဒက်ဒီပွေ့ချီမယ်"
"ဟုတ်"
ရီကျန့်လေးကိုပွေ့ချီပြီး လယ်ကွင်းထဲ ဆင်းသွားသည့်မောင်ကြောင့် မြွေပါကင်းပါတွေ သတိထားရန်လှမ်းသတိပေးရသေးသည်။ နောက်ခန်းမှအိပ်ပျော်နေသည့် ရီရှောင်လေးကို တစ်ချက်တစ်ချက် လှမ်းကြည့်ရပြီး၊ အညောင်းပြေအညာပြေ ကားပေါ်မှဆင်း၍ ကားနံဘေးလမ်းဆင်းလျှောက်၏။ နို့ဆာ၍တအဲအဲလုပ်နေသည့် ရှောင်းရှောင်လေးကို တင်ပါးမှမ,ပင့်လိုက်ပြီး သူ့ရဲ့စပို့ရှပ်အင်္ကျီကိုလှန်တင်ကာ နို့တိုက်လိုက်တော့ တပြွတ်ပြွတ်နဲ့စုပ်ယူနေသည်။
လယ်ကွင်းထဲဖြတ်ဝင်သွားကြသောလမ်းနေရာလေးကို လှမ်းကြည့်လိုက်တော့ ဝန်ထုပ်ဝန်ပိုးတွေဖြေလျော့သွား၍ ရွှင်မြူးရိပ်သန်းနေကြသော သားအဖနှစ်ယောက်က အသွားတုန်းကလိုပင် ပွေ့ချီလျက် ကားဆီလျှောက်လာကြသည်။
"အပေါ့အပါးသွားတဲ့သားအဖတွေ မျက်နှာတွေရွှင်ပျနေကြတာက အပေါ့အပါးသွားမစွန့်ဘဲ ဗိုက်သွားဖြည့်လာတဲ့ရုပ်တွေနဲ့"
"အာ. . ."
သူတို့ကိုလှည့်ပြောပြီး ရှောင်းရှောင်လေးကို နို့ပြန်တိုက်ကာ ကားပေါ်ပြန်တက်သွားသော ကျန့်ကို ဖြေရှင်းချက်မပေးတော့ဘဲ ရီကျန့်ကိုထိုင်ခုံပေါ်ချပေးပြီး ခါးပတ်သေချာပတ်ပေး၍ ကားနောက်ဖုံးခန်းမှမုန့်တွေကိုယူကာ ဖောက်ပေးပြီး မောင်းသူနေရာဝင်ထိုင်လိုက်သည်။
"ဘယ်နားအပေါ့အပါးသွားစွန့်လိုက်တာလဲ"
ကားသော့ကိုဖွင့်ပြီး စတီယာရင်ပေါ်လက်တင်နေသည့်အချိန် သူ့ကိုလှည့်ကြည့်၍ ပြောလာသည့်ကျန့်မျက်နှာက သိချင်စိတ်တွေပျင်းပြနေပုံ။ ကားကိုဖြည်းဖြည်းမှန်မှန်မောင်းပြီး ကျန့်ကို ဖြေရှင်းချက်ပေးရသည်။
"ပိုင်ရှင်ရှိတဲ့လယ်ကွက်တွေမလို့ တဲသာရှိရင် အပေါ့အပါးသွားဖို့နေရာတစ်နေရာတော့ ရှိရမယ်လေကွာ၊ ဒီနားမှာတွေက ရွာနဲ့နည်းနည်းအလှမ်းဝေးတော့ ဆန်စပါးစိုက်ပြီးကြရင် ကိုယ့်အိမ်ကိုယ့်ယာကိုသာ ပြန်တတ်ကြပေမယ့်၊ သူတို့ရဲ့အပေါ့အပါးသွားတဲ့နေရာတွေကို နောက်နှစ်ပြန်မပြုပြင်ရင်အောင် သန့်ရှင်းအောင်လုပ်ထားကြတယ်လေ၊ မောင်တို့လည်း ပိုင်ရှင်မသိတဲ့တဲမှာ ကိစ္စသွားရှင်းခဲ့တယ်"
"ဪ. . .မောင်က ဒီဒေသအကြောင်းတွေ သိလှချည်လား"
"သိဆို မောင်ငယ်ငယ်က ဒီရွာကိုရောက်ဖူးတယ်လေ၊ မာမီ့ရဲ့မိခင် မောင့်ရဲ့အဖွားက ဒီရွာခံစစ်စစ်လေ"
"ဪ"
ကားလေးတွေ သွားလိုရာခရီးကိုဖြည်းဖြည်းမှန်မှန် မောင်းနှင်လေသည်။ ရွာအဝင်ဝကဆိုင်းဘုတ်လေးသည် သစ်ပင်တစ်ပင်ကိုနောက်ခံထားတည်ရှိကာ အိမ်ခြေနှစ်ရာကျော်ကို ဝါးပင်ကလေးများပတ်လည်ဝန်းရံထား၏။ မြေညီလမ်းမဟုတ်ဘဲ ကျောက်ခဲစလစ်များနှင့် ချိုင့်ဝှမ်းလေးများဖြစ်ထွန်းကာ ဖုန်အလိပ်လိပ်ထောင်းထနေ၏။ ကားပြတင်းမှန်တွေအားလုံးကို တင်ရသည်။
နို့စို့ရင်း အိပ်ပျော်သွားသည့် ရှောင်းရှောင်ကလေးရဲ့ဆံပင်တွေကို အပေါ်သပ်တင်ပြီး ပါးဖောင်းဖောင်းလေးကို မွှေးကြူလိုက်၏။ နို့လွတ်သွားသည်ကြောင့် ပါးစပ်ကလေးတပြင်ပြင်ဖြင့် အိပ်ပျော်နေ၍ ရင်ဘတ်ပေါ်ဆွဲတင်ထားသည့် အင်္ကျီကိုအောက်ဆွဲမချတော့ဘဲ ထိုအတိုင်းသာထားလိုက်သည်။ သူနည်းနည်းလေးလှုပ်ရွလိုက်သည်နှင့် နိုးလာလိမ့်မည်။
"ကျေးရွာငယ်ဆိုတော့ ချိုင့်ဝှမ်းတွေသိပ်ပေါတာ"
"ကျေးလက်သဘာဝကို ပိုခံစားလို့ရတာပေါ့ မောင်ရယ်"
"ကျွီ!. . ."
ရီပေါ် ကားကိုချက်ချင်းဘရိတ်နင်းလိုက်ရသည်။ လမ်းအရှေ့တည့်တည့်၌ ဖြတ်ပြေးလာကြသော နွားအကောင်ရေနှစ်ဆယ်ကျော်ဟာ မောင်းသူသခင် တုတ်နဲ့ခြောက်လှန့်၍ မောင်းနေသောကြောင့်ပင်။
"ဒက်ဒီ အဲဒါ ဘာအကောင်တွေလဲဟင်"
မြို့ပြ၌ကြီးပြင်းလာရသော ကလေးဖြစ်ကာ အတန်းငယ်ဖြစ်၍ နွားနှင့်ပတ်သက်သည့်အကြောင်းအရာများကို သင်ယူထားခြင်းမရှိသောကြောင့် ကားမှန်ကိုလက်နှစ်ဖက်နဲ့ထိကပ်ကာ နွားတွေကိုကြည့်၍မေးနေသော ရီကျန့်။
"အဲဒါ 'နွား'လို့ခေါ်တယ်"
"ထူးဆန်းတယ်"
နွားတွေအားလုံး ကားကိုဖြတ်ကျော်သွားသဖြင့် ရီရှောင်ကနေရာတကျပြန်ထိုင်ပြီး ပြော၏။ ရွာအတွင်းဖြစ်သောကြောင့် ရီပေါ် ကားကိုမြန်မြန်မမောင်းနှင်တော့ဘဲ ဖြည်းဖြည်းမောင်းနှင်ကာ လမ်းကြားအကွေ့နေရာတွေကို ဟွန်းနှစ်ချက်ဆင့်တီးပြီး ဘေးဘယ်ညာကြည့်ရသေးသည်။
"ဘာလို့ထူးဆန်းတာလဲ ဒက်ဒီကိုပြောပါဦး"
"နောက်ကလိုက်တဲ့သူကို အန္တရာယ်မပြုဘဲ အားလုံးထွက်ပြေးနေကြတာလေ၊ ခွေးဆိုရင် တစ်ကောင်တည်းလိုက်ရင်တောင် ထွက်ပြေးနေရတာ"
"နွားတွေလည်း အန္တရာယ်ပြုတတ်ပါတယ်ကွာ၊ သူတို့အနားကို ကပ်တဲ့အချိန်ဆို ခြေထောက်နဲ့ကန်တတ်တယ်၊ နွားမတွေအပျိုလုပ်ပြီး နွားထီးတွေကလိုက်လို့ လူတွေကမောင်းနေရင် လိုက်ခွေ့တတ်တယ်"
"အန္တရာယ်ရှိတာပေါ့နော် ဒက်ဒီ"
"အန္တရာယ်လည်းရှိတယ်၊ အသုံးလည်း ဝင်တယ်၊ သူတို့တွေသာရှိရင် လယ်သမားတွေအတွက် အကောင်းဆုံးပေါ့ကွ"
"ဘာလို့လဲဟင်"
"သူတို့တွေကို လှည်းမောင်းတဲ့အခါတွေ၊ ထွန်ယက်စိုက်ပျိုးတဲ့ခါတွေမှာ အသုံးဝင်သလို၊ ပိုင်ရှင်တွေအတွက် တန်ဖိုးထားရတဲ့တန်ဖိုးကြီးပစ္စည်းတစ်ခုလိုပေါ့"
"ဟုတ် ဒက်ဒီ"
လမ်းသုံး,လေးဖြတ်,ဖြတ်ကျော်ပြီး အဖွားဖြစ်သူရဲ့နေအိမ်သို့ ရောက်၏။ ပျဉ်ထောင်နှစ်ထပ်အိမ်ဖြစ်ကာ သံပန်းတံခါးမဟုတ်ဘဲ ဝါးခြမ်းလေးများဖြင့်ကားတစ်စီးဝင်လို့ရလောက်သည့် ဘီးတံခါးလေးသာဖြစ်သည်။ ခြံဝန်းကျယ်ကြီးတွေမဟုတ်ဘဲ တောင်ရေငါးဆယ်ကျော်လောက်သာ ကျယ်ဝန်း၏။
"တီ!. . .တီ!"
"တီ!. . .တီ!. . .တီ!"
ညနေခင်းပိုင်းဖြစ်သည်မလို့ တောင်ယာခင်းတွေသွားတတ်သော အဖွားနှင့်ဒေါ်လေး ပြန်ရောက်နေလောက်ပြီထင်သော်လည်း ထွက်ကြိုလာသည့် အရိပ်အယောင်ပင်မတွေ့ရ။
"ကြီးကြီးရီတို့သားအမိ ပြန်မရောက်ကြသေးဘူးကွဲ့"
ဘေးအိမ်မှအန်တီကြီးသည် အိမ်ပေါ်ထပ်မှ လှမ်းအော်ပြောနေသည်ကြောင့် ဟွန်းဆက်မတီးတော့ဘဲ ကားပေါ်မှဆင်းကာ ဝါးခြမ်းဘီးတံခါးလေးကို တွန်းဖွင့်ရသည်။
"ကြီးကြီးရီရဲ့ ဧည့်သည်တွေလား"
"ဟုတ်ကဲ့ ဖွားရီချန်းမော့ရဲ့ မြေးပါ"
"ဟေ. . .ဟုတ်လား၊ ဒါဆို အိမ်ထဲမှာသာ ဝင်နားပြီးစောင့်လိုက်နော် လူလေး"
"ဟုတ်ကဲ့"
ကားပေါ်ပြန်တက်၍ ခြံထဲမောင်းဝင်ပြီး အရိပ်ရသည့်အိမ်ခြေရင်းသစ်ပင်အောက်၌ ထိုးရပ်လိုက်သည်။ အိမ်တံခါးတွေ သော့ခတ်ပိတ်သွားသဖြင့် အိမ်ခေါင်းရင်းတွင်ရှိသော သစ်ပင်ကြီးအောက် ကွပ်ပျစ်လေးတစ်ခုပြုလုပ်ထား၏။
"ကျန့်. . .ဟိုသစ်ပင်အောက်မှာ ကွပ်ပျစ်တစ်ခုလုပ်ထားတယ်၊ အဲဒီမှာသွားနားပါလား"
"သားလေးတွေကရော"
နောက်ခန်းဆီမှအိပ်ပျော်နေကြသော ကလေးနှစ်ယောက်ကို လှည့်ကြည့်၍ပြောနေသည့်ကျန့်ကြောင့် သူပွေ့ချီခဲ့လိုက်မယ်လို့ပြောမှ အိပ်ပျော်နေတဲ့ရှောင်းရှောင်လေးရဲ့ ခေါင်းလေးကိုထိန်းကိုင်ပြီး၊ ကားနောက်ဖုံးတံခါးကိုဖွင့်၍ ထီးဆောင်းကာ ထွက်ခွာသွားသည်။ သူလည်း နောက်ဖုံးခန်းမှ ဂွမ်းအရုပ်လေးနှစ်ခုကို ချိုင်းကြားထဲညှပ်ကာ ရီရှောင်လေးကိုပွေ့ချီ၍ ကျန့်ထိုင်နေသည့်ကွပ်ပျစ်ဆီသို့ အမြန်ပွေ့ချီသိပ်ထားပြီး၊ ရီကျန့်လေးကိုတစ်လှည့် ပွေ့ချီရပြန်သည်။
"မောင်"
"ဟင်"
"မောင့်မှာအဖွားရှိသေးမှန်း ကျန့်လည်းမသိရပါလား၊ ကျန့်တို့မင်္ဂလာပွဲတုန်းကလာတာလည်း မမြင်ဘူး"
"အင်း. . .အဲဒီအချိန်တုန်းက အဆက်အသွယ်လည်းမရ၊ ဖွားကလည်း ဒက်ဒီနဲ့မာမီကိုအမြင်မကြည်တော့ မဖိတ်ဖြစ်သလို လာမှာလည်းမဟုတ်ဘူးလေ၊ ဖွားသဘောမတူတဲ့ ဒက်ဒီနောက်ကိုမာမီက ခိုးရာလိုက်ပြေးတော့ အမွေပြတ်စွန့်လွတ်ခဲ့တယ်"
"ကျန့် တကယ်စိတ်မကောင်းပါဘူး"
"ရပါတယ်ကွာ"
YOU ARE READING
အမုန်းတရား၏နောက်တော်ပါး [Completed]
FanfictionM-prage Family Type Fanfiction Wang YiBo & Xiao Zhan