Chapter 1

5.8K 275 16
                                    


[ Unicode ]

မြူခိုးများလွှမ်းခြုံထားသည့် နံနက်ခင်းဝေလီဝေလင်းအချိန်ဝယ် တဂျောက်ဂျောက်မြည်နေသည့်စက်ဘီးလေးကိုနင်းရင်း ဘုန်းမော်ကျောင်းသို့သွားခဲ့သည်။ အချိန်မှာ လေးနာရီဝန်းကျင်သာရှိသေးသဖြင့် ကမ်းရိုးတန်းလမ်းမထက်တွင် လူသူကင်းမဲ့နေ၏။ သို့သော် လမ်းဘေးဝဲယာတွင်တော့ဈေးသည်အချို့မှာ ဆိုင်များကိုခင်းကျင်းနေကြပြီဖြစ်သည်။ ပင်လယ်သံတဝေါဝေါကလည်း နံနက်ခင်းဆိတ်ငြိမ်ခြောက်သွေ့ခြင်းကို ဖြိုခွင်းထား၏။

ဈေးလမ်းမကြီးကနေတစ်ဆင့် ဖြတ်လမ်းဖြစ်သည့်လမ်းကြားလေးထဲသို့ဝင်လာစဉ် လူတစ်ယောက်နှင့် တိုက်မိမလိုဖြစ်သွားတော့ ဘရိတ်ကိုသူချက်ခြင်းအုပ်ချလိုက်သည်။

" ဆောရီး ဆောရီး…"

သို့သော် ထိုသူရဲ့မျက်နှာကို ဘုန်းမော်မြင်တော့ ချက်ခြင်းပဲ ခေါင်းကိုငုံ့လိုက်ပြီး စက်ဘီးကိုဆက်နင်းရန်ပြင်သည်။

" ဘာလဲဟ မင်း ငါ့ကို မြင်ရတာလား "

ထိုသူက မေးလိုက်သည်။ ဘုန်းမော်ကတော့ မကြားချင်ယောင်ဆောင်ရင်း စက်ဘီးကိုအရှိန်တင်ကာနင်းသွားလေသည်။ သူတွေ့ခဲ့သည့်သူမှာ လူမဟုတ်ပဲ မျက်နှာမပါသည့်တစ္ဆေတစ်ကောင်ဖြစ်၏။ ထိုကဲ့သို့အရာများအား မြင်တွေ့ရသည်မှာ ဘုန်းမော်အတွက် အဆန်းတော့မဟုတ်တော့ချေ။

ထိုလမ်းကြားကနေတစ်ဆင့် ကျောင်းသို့တည့်တည့်သွားသည့်ကားလမ်းမထက်ကိုပြန်ရောက်တော့ လမ်းဘေးပလက်ဖောင်းတွင် ငုတ်တုပ်လေးထိုင်နေသည့် ကလေးတစ်ဦးကို သူတွေ့လိုက်ရပြန်သည်။ ကလေးငယ်မှာ ကျောင်းစိမ်းအင်္ကျီကို သပ်ရပ်စွာဝတ်ဆင်ထားပြီး စပိုက်ဒါမန်းကျောပိုးအိတ်လေးကိုလည်းကျကျနနလွယ်ထား၏။ အရွယ်မှာ သူငယ်တန်းလောက်သာရှိပေဦးမည်။

" ကိုကိုတွေတောင် ကျောင်းသွားကြပြန်ပြီ။ မေမေက ဘာလို့ သားကို အခုထိလာမကြိုသေးတာလဲ "

ကလေးငယ်ရဲ့ငိုမဲ့မဲ့အသံကို ဘုန်းမော်ကြားသော်လည်း စက်ဘီးကိုမရပ်လိုက်ပဲ ဆက်နင်းနေခဲ့သည်။

လွန်ခဲ့သည့်တစ်လက ပလက်ဖောင်းတွင်မိဘအလာကိုစောင့်နေသည့်ကလေးတစ်ဦး ဘရိတ်ပေါက်လာသည့်ကားတစ်စီး၏ဖြတ်တိုက်ခြင်းကို ခံခဲ့ရသည်။ ကားမောင်းလာသူမှာ အသိုင်းအဝိုင်းကြီးထဲကဖြစ်ပြီး အသက်၁၈နှစ်သာရှိသေးသည့်လူငယ်တစ်ယောက်ဖြစ်၏။ တရားရင်ဆိုင်ကြတော့ တရားသူကြီးက ထိုလူငယ်ကို အရက်သေစာသောက်စားထားမှုအပါအဝင် လိုင်စင်မရှိပဲကားမောင်းမှုတို့ကြောင့် ထောင်ဒဏ် ၁၀နှစ်ချမှတ်ခဲ့သည်။

 ပုဂ္ဂိုလ်Where stories live. Discover now