နေ့လည်ဆယ့်တစ်နာရီခွဲသည့်အခါ ဓာတုဗေဒသင်နေသည့်ဆရာသည် စာသင်တာကိုလတ်စသတ်လိုက်ပြီး အတန်းကို ခပ်စောစောလွှတ်ပေးလိုက်သည်။ ဆရာထွက်သွားပြီးနောက် ကျောင်းသားများသည်လည်း စာအုပ်များကို သိမ်းဆည်းလိုက်ကြပြီး ကျောင်းဆင်းချိန်ကိုစောင့်နေကြလေသည်။
ကျောင်းဆင်းချိန်မှာ ဆယ့်ငါးမိနစ်တောင်လိုသေးသည့်အတွက် ဘုန်းမော်တစ်ယောက်ပျင်းရိစွာဖြင့် ပြတင်းပေါက်ဘောင်ပေါ်မေးတင်ရင်း အပြင်သို့ငေးကြည့်နေမိသည်။
သူ့မြင်ကွင်းအရှေ့ကနေ လူတစ်ယောက်ဖြတ်သွားစဉ် ပစ္စည်းတစ်ခုကျကျန်ခဲ့တာကို ဘုန်းမော်မြင်တော့ ထိုသူကို လှမ်းခေါ်လိုက်သည်။
" ဒီမှာ။ ဘောပင်ကျသွားပြီ "
ထိုသူက ဘုန်းမော်ရဲ့အသံကိုကြားတော့ အနောက်သို့လှည့်ကြည့်လိုက်သည်။ ထိုသူမှာ ဘီခန်းမော်နီတာဖြစ်နေကြောင်း ဘုန်းမော်တွေ့လိုက်ရတော့ မျက်ဝန်းများမှာအတန်ငယ်ဝိုင်းစက်သွားသည်။
" အာ့ ဟုတ်သားပဲ။ ကျေးဇူး "
ထို့နောက် မော်နီတာက အနောက်သို့ပြန်လှည့်လာပြီး ဘောပင်ကိုကောက်လိုက်သည်။ မျက်နှာမှာလည်း အပြုံးမပျက်ချိုသာလျက်ပင်။
ထို့အပြင် အနှီးမော်နီတာအနား၌ ဝိဥာဉ်တစ်ကောင်မှရှိမနေသည့်အတွက် ဘုန်းမော်အနည်းငယ်တွေဝေမင်သက်သွားမိသည်။ ပွဲကြည့်စင်မှာ တွေ့ခဲ့စဉ်က ဝိဥာဉ်တစ်ကောင်သည် မော်နီတာရဲ့အနားတွင် မျှော့တစ်ကောင်လိုကပ်နေခဲ့တာဖြစ်၏။ ယခုတွင်တော့ မြူမှုန်အစအနလေးတောင်မတွေ့ရတော့ပေ။
* ထူးဆန်းတယ် *
ဘုန်းမော်စိတ်ထဲတွေးမိသည်။
" ဒါနဲ့ ကျောင်းနှစ်ပတ်လည်ပြည့်ပွဲမှာ မင်းတို့အတန်းက ဘာလုပ်မှာလဲ "
ဘောပင်ကိုပြန်ကောက်လိုက်ပြီးနောက် မော်နီတာက သူ့ကိုပြုံးပြုံး ပြုံးပြုံးဖြင့်မေးလိုက်သည်။ ထိုအခါ ဘုန်းမော်က ခေါင်းကုပ်လက်ကုပ်ဖြင့်
" အဲ့ဒါတော့ ငါလည်းမသိဘူး "
ဟုပြန်ဖြေလိုက်သည်။ တကယ်လည်း သူမသိခဲ့ပါ။
