စံအိမ်မှာ သာမန်အိမ်များလို အခန်းတစ်ဆက်တည်းမဟုတ်ပဲ ဘန်ဂလိုသဖွယ် အခန်းပေါင်းစွာခွဲထားပြီး ဧည့်ခန်းသက်သက် စာဖတ်ခန်းသက်သက်ထားထား၏။ အခန်းများအား အပေါ်စီးကနေကြည့်လျှင် Uသဏ္ဌာန်ရှိနေပေလိမ့်မည်။ သို့သော် အိမ်ရှေ့မျက်နှာစာကကြည့်လျှင်တော့ သာမန်သုံးထပ်အိမ်ဟုသာထင်ရ၏။
ဧည့်ခန်းထဲကိုဘုန်းမော်ဝင်လာတော့ ထိုင်ခုံများရှိမနေပဲ သင်ဖြူးဖျာများသာခင်းထားကြောင်းတွေ့လိုက်ရသည်။ ထို့အပြင် အသက်ခပ်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ဦးမှာလည်း ဦးမင်းထက်နှင့်အတူ ခေါင်းရင်း၌ထိုင်နေခဲ့၏။
" ဒီကောင်လေးလား အမင်္ဂဝိဥာဉ်ကို မှတ်မိနေတာ "
" ဟုတ်ကဲ့ အဘွား "
အသက်နှစ်ဆယ့်ငါးနှစ်ကျော်ကျော်သာရှိဦးမည့်အမျိုးသမီးအား အဘွားဟုခေါ်လိုက်သည့် မင်းမြတ်ကြောင့် ဘုန်းမော်ကြောင်အမ်းအမ်းဖြစ်သွားသည်။ ဘုန်းမော် ခေါင်းရှုပ်သွားတာကိုမြင်တော့ ထိုအမျိုးသမီးက ရယ်မောလိုက်သည်။
" သူက မင်းမြတ်အဘေးရဲ့အဘင် ဒေဝီမုဒြာတဲ့…အသက်ကိုးရာ့ကိုးဆယ့်ကိုးနှစ်ရှိပြီ "
ကန်ဒီက ခေါင်းကိုစောင်းကာ ဘုန်းမော်အားတိုးတိုးလေးကပ်ပြောလိုက်သည်။ ထိုအခါ အူလည်လည်ဖြစ်နေသည့်ဘုန်းမော်တစ်ယောက် မျက်လုံးပြူးမျက်ဆံပြူးဖြစ်သွားပြီး အလွန်အံ့သြမင်သက်သွားခဲ့သည်။
" ဒီမှာ လာထိုင်ပါဦး "
ဒေဝီမုဒြာက ကြမ်းပြင်အားလက်ဖြင့်ပုတ်ပြကာ ဘုန်းမော်ကို သူ့အရှေ့တွင်လာထိုင်ခိုင်းသည်။ ဘုန်းမော်ကလည်း တွန့်ဆုတ်တွန့်ဆုတ်ဖြင့်လျှောက်လာပြီး ဒေဝီမုဒြာရဲ့ လေးပေအကွာတွင်ထိုင်လိုက်သည်။
" လက် ခဏပေးလို့ရမလား "
" ဗျာ…ဟုတ် "
အရှေ့သို့ ဘုန်းမော်နည်းနည်းထပ်တိုးလိုက်ပြီး လက်တစ်ဖက်အားထုတ်ပေးလိုက်သည်။ ဒေဝီမုဒြာက ဘုန်းမော်ရဲ့လက်ကောက်ဝတ်ကိုဆုပ်ကိုင်လိုက်ပြိး မျက်လုံးမှိတ်ကာ နှုတ်ကနေတတွတ်တွတ်ဖြင့် ဂါထာများအားအသံတိတ်ရွတ်ဆိုလိုက်သည်။ ခဏကြာတော့ ဘုန်းမော်ရဲ့လက်ကောက်ဝတ်သွေးကြောထဲကနေ အပြာရောင်အလင်းတန်းများဖြာထွက်လာလေသည်။