Chapter 9

1.8K 226 0
                                    

" မနက်ဖြန် ယူနစ်ဝမ်း၊တူးရဲ့ ဒက်ဖနေးရှင်းတွေအကုန်လုံး အလွတ်ဖြေရမယ်။ တစ်ပုဒ်မှားတာနဲ့ အတန်းပြင်ထွက်ပြီး ထိုင်ထအခါသုံးဆယ်လုပ်ရမယ်။ နားလည်တယ်နော် "

" ဟုတ် နားလည်ပါတယ်! "

ကျောင်းသားများကသံပြိုင်ညီညာစွာဖြင့် ရူပဗေဒဆရာအား ပြန်ဖြေလိုက်ကြသည်။ ထို့နောက် ဆရာသည် စာအုပ်များကိုသိမ်းလိုက်ပြီး စတိတ်စင်ပေါ်ကနေဆင်းလိုက်သည်။

" ဒါဆို မင်္ဂလာပါ "

" မင်္ဂလာပါ ဆရာ! "

ဆရာထွက်သွားပြီးနောက် ဆိတ်ငြိမ်နေသည့်စာသင်ခန်းမှာ ဟေးဟားအသံများဖြင့် တဖန်ဆူညံလာပြန်သည်။ ကျောင်းသားအများစုမှာ စာအုပ်များကိုအမြန်သိမ်းကာ အိမ်သို့ပြန်ရန်အခန်းရှေ့၌ တိုးကြိတ်နေကြသည်။

ပြတင်းပေါက်ဘေးတွင်ထိုင်နေသည့်ဘုန်းမော်ကတော့ ပေတံနှင့်ဘောပင်များအား အေးအေးဆေးဆေးဖြင့်ပြန်သိမ်းနေလေသည်။ သူ့အနေနှင့် အပြေးအလွှားတက်စရာကျူရှင်ချိန်မရှိသည့်အတွက် အိမ်သို့အလောတကြီးပြန်စရာမလိုပေ။

ဒီလိုနှင့် ပစ္စည်းများအားလုံးသိမ်းဆည်းပြီးနောက် ခုံတွင်ကျောမှီပြီးထိုင်လိုက်သည်။

ယမန်နေ့မနက်ပိုင်းက ကြုံတွေ့ခဲ့ရသည့်ဟောခန်းထဲကအဖြစ်အပျက်အား ပြန်တွေးကြည့်မိတော့ စိတ်ထဲလေးလံလာမိပြန်သည်။ လည်ပင်းအားပွတ်ရင်း သူကြားခဲ့ရသည့်ကဗျာအားပြန်အစဖော်ကြည့်သည်။ သို့သော် ကာရန်ကိုသာမှတ်မိပြီး စာသားကိုတော့ တစ်လုံးမျှတောင်မမှတ်မိတော့ချေ။

'…ဖြိုက်.စရှ်.ဖစ်လိုင်…'

ထိုစဉ် လှိုဏ်ခေါင်းအသံလိုလို မြွေသံလိုလိုတရှဲရှဲနှင့် လုံးထွေးနေသည့်စကားသံများထွက်ပေါ်လာတော့ ပြတင်းပေါက်သို့ သူဆတ်ခနဲလှည့်ကြည့်လိုက်သည်။ ကော်ရစ်တာတွင် သွားလာနေသည့်ကျောင်းသားများမှလွဲ၍ အခြားမူမမှန်သည့်အရိပ်အယောင်တော့ သူမတွေ့မိချေ။ ထို့ကြောင့် သက်ပြင်းချရင်းအကြည့်ပြန်လွှဲလိုက်သည်။

လူရှင်းစပြုလာတော့ လွယ်အိတ်ကိုလွယ်ကာ အခန်းပြင်သို့ထွက်လာခဲ့သည်။ အတန်းပြင်သို့ခြေချလိုက်ချိန်မှာပဲ ခပ်သုတ်သုတ်ပြေးလာသည့်လူတစ်ယောက်က သူ့အားမတော်တဆဝင်တိုက်လိုက်မိသည်။

 ပုဂ္ဂိုလ်Where stories live. Discover now