ခွဲစိတ်အခန်းအရှေ့ကထိုင်ခုံတွင်တော့ မင်းမြတ်သည် လက်နှစ်ဖက်ကိုဆုပ်ကိုင်လျက် စိုးရိမ်မှုများစွာဖြင့်အတွေးများနေလေသည်။ ထိုအထဲက ကန်ဒီသာတစ်ခုခုဖြစ်သွားခဲ့ရင်ဆိုသည့်အတွေးက သူ့၏တည်ငြိမ်မှုအား ပျက်ပြားစေသည်။ ထို့နောက် ထိုင်နေရာကနေ ဆတ်ခနဲထလိုက်မိပြန်ပြီး ခွဲစိတ်အခန်းအရှေ့တွင် ရှေ့လျှောက်လိုက်၊နောက်လျှောက်လိုက်ဖြင့် ဆောက်တည်ရာမရဖြစ်နေမိသည်။
ထိုစဉ် ခွဲစိတ်ခန်းထဲကနေ သူနာပြုတစ်ဦးထွက်လာလေသည်။
" လူနာအတွက် ကျွန်မတို့ အေဘီသွေးလိုအပ်နေတယ်… "
" ကျွန်တော်က အေဘီသွေးပါ ဆရာမ "
" တော်သေးတာပေါ့ ဒါဆို ကျွန်မနဲ့လိုက်ခဲ့ပေးပါနော် "
သူနာပြုအနောက်သို့ မင်းမြတ်လိုက်သွားဖို့လုပ်စဉ် လူတစ်ယောက်က မင်းမြတ်၏လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။ မင်းမြတ်မှလှည့်ကြည့်လိုက်တော့ ထိုသူမှာ ဒေဝီမုဒြာဖြစ်နေကြောင်းတွေ့လိုက်ရသည်။ ထိပ်ထားစံနှင့် ဦးဘဦးသည်လည်း ဒေဝီမုဒြာနှင့်အတူပါလာကြ၏။
" သူလည်း အေဘီသွေးပါဆရာမ။ အခု ဒီကလေးက ဒဏ်ရာရထားတာမို့လို့ သူ့အစား ကျွန်မတူမလေးရဲ့သွေးကိုပဲ ပေးလို့ရမလား "
ဒေဝီမုဒြာက တောင်းဆိုသည့်မျက်နှာဖြင့် ထိပ်ထားစံကို တစ်ချက်လှည့်ကြည့်လိုက်သည်။ ထိုအခါ ထိပ်ထားစံသည် တုံ့ဆိုင်းနေခြင်းအလျင်းမရှိပဲ ဒေဝီမုဒြာကို ပြန်လည်ခေါင်းညိတ်ပြလာသည်။ မတည့်သော်လည်း ယခုလို ကန်ဒီဒုက္ခရောက်နေတာကို မြင်ရတော့ ထိပ်ထားစံလည်း မနေသာခဲ့ပါ။
" ဒါဆို ညီမလေး အစ်မအနောက်ကိုလိုက်ခဲ့ပေးနော်"
ထိပ်ထားစံနှင့်သူနာပြုတို့ထွက်သွားကြပြီးနောက်တွင် ဒေဝီမုဒြာသည် တောင့်တင်းနေသည့်မင်းမြတ်၏ပုခုံးကို ခပ်ဖွဖွနှိပ်နယ်လျက် စိုးရိမ်စိတ်အားဖြေလျှော့ခိုင်းခဲ့သည်။
" အခုအချိန်မှာ သားဘယ်လောက်စိုးရိမ်နေလဲဆိုတာ ဒေဝီနားလည်ပါတယ်။ ဒေဝီတို့လည်း ကန်ဒီအတွက်စိတ်မကောင်းပါဘူး။ ဒါပေမယ့် သားကိုယ်သားလည်း ဂရုစိုက်ရဦးမယ်လေ။ သားသာလဲကျသွားရင်…ဒေဝီလည်းရှေ့ဆက်ဖို့ခွန်အားရှိနိုင်တော့မယ်မထင်ဘူး "
![](https://img.wattpad.com/cover/293116620-288-k747993.jpg)