ဟောခန်းထဲသို့ ဘုန်းမော်ရောက်လာသည့်အချိန်တွင် အရာအားလုံးမှာ ရှုပ်ပွပျက်စီးနေခဲ့ပြီဖြစ်သည်။
အစီအရီနေရာချထားသည့်ခုံများမှာ မှောက်သည့်ခုံကမှောက်၊ကျိုးသည့်ခုံကကျိုးနှင့် ဖရိုဖရဲဖြစ်နေပြီး စလိုက်မီးစင်ကြီးမှာလည်း ဓာတ်ကြိုးတန်းလန်းနှင့် ပြုတ်ကျနေခဲ့သည်။ အော်ဟစ်ပြေးလွှားနေကြသည့်ကျောင်းသားများကြားထဲကနေ ဘုန်းမော်မနည်းတိုးကြိတ်ပြီး အထဲသို့ ဝင်လာခဲ့ရာ နောက်ဆုံးတွင် စတိတ်စင်အရှေ့နားသို့ရောက်လာခဲ့သည်။
ကြိုးပြတ်နေသည့်ရုပ်သေးတစ်ရုပ်လို စင်ပေါ်တွင် ရုပ်ပျက်ဆင်းပျက်သေဆုံးနေသည့်မေဘယ်မောင်ကိုမြင်တော့ ဘုန်းမော်၏ခြေလှမ်းများမှာ တုန့်ခနဲရပ်တန့်သွားခဲ့သည်။ ထိုမျှမကသေး စတိတ်စင်အောက်၌ မီးစင်ပိပြီးသေဆုံးနေသည့်အမျိုးသမီးတစ်ဦးကိုပါ မြင်လိုက်ရတော့ မျက်လုံးအဝိုင်းသားဖြင့်မင်သက်သွားခဲ့သည်။
စိတ်ထဲတွင်လည်း ထိုအမျိုးသမီးမှာ မဟုတ်မှလွဲရောထက်ပိုင်၏မိထွေးများလားဟု တွေးမိသည်။
ထိုစဉ် စတိတ်စင်၏ညာဘက်တံခါးကနေ အနောက်ဘက်အခန်းထဲသို့ဝင်သွားသည့်ကျောင်းသားတစ်ယောက်၏နောက်ကျောကို ဖျတ်ခနဲလှမ်းမြင်လိုက်ရသည်။ ထိုသူမှာ ထက်ပိုင်မှန်း ဘုန်းမော်ရိပ်မိသော်လည်း လှမ်းမခေါ်ဘဲ အနောက်ကနေသာ တိတ်တဆိတ်လိုက်သွားခဲ့သည်။
ထက်ပိုင်မှာ အသက်ကင်းမဲ့နေသည့်ဖုတ်ကောင်တစ်ကောင်လိုလျှောက်သွားနေခဲ့ပြီး သူ့အနားတွင်လည်းတီးတိုးစကားပြောသံများထွက်ပေါ်နေခဲ့သည်။ တုပ်ထိုးသည်အန်တီကြီး၏ဖြစ်စဉ်နှင့် အတူတူပင်။
ဒီလိုနှင့် ထက်ပိုင်အနောက်သို့လိုက်လာရင်း လူရှင်းသည့်ဘောလုံးကွင်းဘက်သို့ရောက်လာကြောင်း ဘုန်းမော်တွေ့လိုက်ရသည်။ ကွင်းထဲသို့ ထက်ပိုင်ဝင်သွားပြီးနောက် ကြည်လင်နေသည့်မိုးကောင်းကင်မှာ တိမ်စိုင်တိမ်မဲများဖြင့် ညိုမှိုင်းလာခဲ့ပြီး မိုးခြိမ်းသံများလည်းစတင်ထွက်ပေါ်လာခဲ့သည်။ မိုးဖွဲလေးများတဖွဲဖွဲရွာသွန်းလာတော့ ပွဲကြည့်စင်အောက်တွင် ဘုန်းမော်ခေတ္တရပ်နေလိုက်သည်။