နောက်တစ်နေ့မနက်တွင်တော့ ဆရာ၊ဆရာမများမှာ အစည်းအဝေးကြောင့်အလုပ်များနေကြလေသည်။ ထို့အပြင် စစ်ဆေးရေးမှူးများလည်းရောက်ရှိနေကြပြီး မနေ့ကဖြစ်ခဲ့သည့်ကိစ္စအတွက် အချေအတင်ဆွေးနွေးနေကြ၏။ကားမီးလောင်ရခြင်းအကြောင်းအရင်းကို မည်သူမှအတိအကျမသိရသေးသော်လည်း ကျောင်းပုံရိပ်ထိခိုက်မှာစိုးသည့်အတွက် ဓာတ်ဆီယိုစိမ့်မှုကြောင့်ဟုသာသတင်းအရင်လွှင့်ထားခဲ့သည်။ ကံကောင်းလှစွာဖြင့် ကားမီးလောင်မှု၌ သေဆုံးသူတစ်ဦးမှမရှိခဲ့ပေ။ ကားပေါ်ရှိကျောင်းသားများမှာ ထိခိုက်ဒဏ်ရာများစွာရရှိခဲ့ကြသော်လည်း အသက်အန္တရာယ်တော့မစိုးရိမ်ရပေ။
အတန်းထဲတွင်တော့ ကျောင်းသားအများစုမှာ မနေ့ကကိစ္စအကြောင်းတတွတ်တွတ်ဖြင့်ပြောနေကြ၏။ ဘုန်းမော်ကတော့ ခုံပေါ်တွင်မှောက်အိပ်နေရင်း သူတွေ့ခဲ့သည့်တစ္ဆေမျက်နှာကြီးအကြောင်း ပြန်စဉ်းစားနေမိသည်။
ထိုစဉ် အတန်းထဲသို့အောင်ခတ်ဝင်လာတာကိုမြင်တော့ မင်သက်စွာဖြင့် ခေါင်းကိုဆတ်ခနဲထောင်လိုက်သည်။အောင်ခတ်မျက်နှာမှာ လန်းလန်းဆန်းဆန်းရှိနေပြီး အရင်ကလိုပုံမှန်အတိုင်းပင်။
အောင်ခတ်ရင်ဘတ်ကတစ္ဆေခေါင်းကြီးကို သတိရမိတော့ ဘုန်းမော်တစ်စုံတစ်ခုကို တွေးမိသွားသည်။
အောင်ခတ်ရင်ဘတ်ကတစ္ဆေခေါင်းကြီးကို ချေမှုန်းပစ်ခဲ့သူမှာ ဟေမာန်ဖြစ်သည်။ မနေ့က မီးလောင်သည့်ကားမှာလည်း ဟေမာန်စီးသည့်ဖယ်ရီကားဖြစ်၏။ ထို့ကြောင့် သူတွေ့ခဲ့သည့် တစ္ဆေမျက်နှာကြီးမှာ ဟေမာန်ကို လိုက်ရှာနေတာပဲဖြစ်ပေလိမ့်မည်။
" လတ်စသတ်တော့ မင်းကနေရာပြောင်းသွားတာကိုး။ ငါက မင်းကိုမတွေ့လို့ ကျောင်းမလာဘူးမှတ်နေတာ "
သူ့အနားသို့ အောင်ခတ်လျှောက်လာတော့ ဘုန်းမော်တွေးနေတာကိုရပ်လိုက်ပြီး လှည့်ကြည့်လိုက်သည်။
" ငါ့ကို ဆေးပေးခန်းထဲသယ်သွားပေးတဲ့အတွက် ကျေးဇူးပဲကွာ။ ငါလည်း အဲ့နေ့က ဘာဖြစ်လို့ဖြစ်သွားမှန်းမသိဘူး။ အိမ်သာဟောင်းမှာ အိမ်သာတက်ဖို့လာရင်းနဲ့ မိုက်ခနဲမူးလာပြီး အိပ်ချင်သွားတာ။ နောက်တော့ သတိလစ်သွားတော့တာပါပဲ။ သူနာပြုပြောတာတော့ သွေးပေါင်ချိန်ထိုးကျသွားတာတဲ့ "