ဝေလီဝေလင်းမနက်ခင်းအချိန်ဝယ် ခါတိုင်းလို တဂျောက်ဂျောက်မြည်နေသည့်စက်ဘီးစုတ်လေးကိုနင်းရင်း ဘုန်းမော်ကျောင်းသို့လာခဲ့သည်။ ယနေ့သည် ကျောင်းနှစ်ပတ်လည်ပြည့်ပွဲကျင်းပမည့်နေ့ဖြစ်သဖြင့် ပြဇာတ်ကမည့်ကျောင်းသားများနှင့် ဈေးရောင်းကြမည့်ကျောင်းသားများမှာ ကျောင်းတွင်ရောက်နှင့်နေပြီဖြစ်သည်။
တကယ်တမ်းတွင် ဘုန်းမော်သည် ယနေ့ကျောင်းသို့လာရန်စိတ်ကူးလုံးဝမရှိခဲ့ပါ။ သို့သော် ဟေသီ၏မစ်ရှင်ဆိုသည့်အရာကြောင့် သူမလာပဲနှင့်နေလို့မရခဲ့ပေ။ ထို့ကြောင့် ကျောင်းဝန်းထဲသို့ အိပ်ရေးမဝသည့်မျက်နှာဖြင့် ကုပ်ကုပ်ကိုင်းကိုင်းဝင်လာခဲ့သည်။
အခမ်းအနားမှာ ကိုးနာရီမှစတင်မှာဖြစ်သော်လည်း ကျောင်းသားအချို့မှာ ဈေးဆိုင်များကိုစခင်းနေကြပြီဖြစ်ပြီး ဟောခန်းထဲတွင်လည်း တီးလုံးသံတညံညံကိုလည်း စကြားနေရပြီဖြစ်သည်။ စက်ဘီးကို ပိတောက်ပင်အောက်ရပ်ထားပြီးနောက် ဘယ်ဆီကိုမှသဝေထိုးမနေပဲ အဆောင်ထဲသို့တည့်တည့်မတ်မတ် ဘုန်းမော်လျှောက်လာခဲ့သည်။
အဆောင်ကိုရောက်တော့ ဂျီအခန်းရှေ့အရင်သွားကာ ဟေသီကိုရှာကြည့်သည်။ မတွေ့တော့ ကိုယ့်အတန်းကိုယ်ပြန်လာခဲ့လိုက်သည်။
လွယ်အိတ်အား ခုံအောက်ထဲထိုးထည့်လိုက်ပြီးနောက် စားပွဲပေါ်တွင်ခေါင်းမှောက်ကာ ခေတ္တမှေးစက်လိုက်သည်။ ဟေသီရောက်၊မရောက်ဆိုတာ သူလည်းသေချာမသိသည့်အပြင် လိုက်ရှာပြန်ရင်လည်း လမ်း၌လွဲနေမှာစိုး၍ အခန်းထဲတွင်သာ ဘုန်းမော်စောင့်နေလိုက်သည်။
အတန်းထဲတွင်တော့ သူနှင့် လွင့်မြောနေသည့်ဝိဥာဉ်များသာရှိနေပေ၏။ မော်နီတာနှင့် ကျောင်းသားများမှာ ဟောခန်းဘက်သို့ထွက်သွားကြပြီဖြစ်သည်။
တိတ်ဆိတ်လွန်းသည့်အခန်းထဲမှေးစက်နေခဲ့ရာ ဘယ်အချိန်ဘယ်လိုအိပ်ပျော်သွားမှန်းမသိ သူနိုးလာတော့ အချိန်မှာကိုးနာရီထိုးဖို့ ဆယ်မိနစ်သာလိုတော့၏။ ဟေသီမှာလည်း ယခုအချိန်ထိ ပေါ်မလာသေးသဖြင့် ဘုန်းမော်အတန်းပြင်ထွက်ကာ လိုက်ရှာရန်ဆုံးဖြတ်လိုက်သည်။