မေ့ဖျောက်ပစ်ခဲ့တာကြာပြီဖြစ်သောအတိတ်တစ်ခု။ ထိုအတိတ်မှာ ပျောက်ကွယ်သွားခြင်းမရှိပဲ သူ့အရှေ့တွင် မျက်ဝါးထင်ထင်ပြန်ပေါ်လာသည့်အခါ တည်ငြိမ်နေသည့်ဒေဝီမုဒြာ၏နှလုံးအိမ်မှာ တဖန်လှုပ်ခတ်နာကျင်လာရပြန်သည်။
" မေ့နိုင်ပြီလို့ထင်ထားခဲ့တာ..... "
ဟေမာန်အားငေးကြည့်နေရင်း ဝမ်းနည်းစွာဖြင့်ဒေဝီမုဒြာရေရွတ်မိသည်။ ထို့နောက် ဟေမာန်၏ပါးပြင်အား တဖန်ပြန်လည်၍ထိတွေ့မည်ပြုစဥ် ရုတ်တရက်ပွင့်လာသည့်မျက်ဝန်းတစ်စုံကြောင့် အတန်ငယ်တုန်လှုပ်သွားမိ၏။
ထိုစဥ်
" မတွေ့တာကြာပြီနော် "
ရုတ်တရက်ကြားလိုက်ရသည့်စကားသံကြောင့် ဒေဝီ၏မျက်ဝန်းများမှာ ဝိုင်းစက်သွားခဲ့သည်။
" အ..အရှင် အတိတ်ကိုမှတ်မိနေတာလား "
ဒေဝီတစ်ယောက် လွန်စွာအံ့သြမိသွားတာကြောင့် ရှေးသုံးအခေါ်အဝေါ်များကိုပင် သတိမထားမိပဲ နှုတ်ကနေလွှတ်ခနဲထွက်သွားခဲ့မိ၏။
" မမှတ်မိဘူး....ပြီးတော့ ကျုပ်ကို အရှင်လို့ခေါ်စရာမလိုဘူး ကျုပ်က သမုဒ္ဒရာနတ်မင်းမဟုတ်ဘူး "
ဟေမာန်၏အဖြေကိုကြားတော့ မုဒြာမှာ ကြောင်အမ်းအမ်းဖြစ်သွားသည်။
" အရှင်..လူသားအဖြစ်ဝင်စားလာတာမဟုတ်ဘူးလား။ ဒါဆို ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့သိဒ္ဓိတွေက..."
" လူဝင်စားထက်...ကိုယ်ပွားဆို ပိုမှန်လိမ့်မယ်။ လူသားဗားရှင်းပေါ့ "
ပေါ့ပျက်ပျက်နှင့် စကားဆိုလိုက်သော်လည်း ဟေမာန်၏မျက်ဝန်းများမှာမူ တည်ကြည်လေးနက်နေသည်။
ရုပ်ရည်ချင်းမတူတော့သော်ငြားလည်း ပြောင်းလဲသွားခြင်းမရှိသည့်အကြည့်များကြောင့် ဟေမာန်မှာ တစ်ချိန်ကတစ်ဖက်သတ်မြတ်နိုးခဲ့ရသည့် ရေနတ်အရှင်ဖြစ်ကြောင်း မုဒြာအကြွင်းမဲ့ယုံကြည်မိခဲ့သည်။
ဟေမာန်အား ငေးကြည့်နေရင်းကနေ မဝံ့မရဲဖြင့် မေးခွန်းတစ်ခုအားမေးကြည့်သည်။
" ဒါဆို...လူ့လောကကိုရောက်လာတဲ့အကြောင်းက... ပုဂ္ဂိုလ်ကိုသုတ်သင်ဖို့လား "