ဒေဝီမုဒြာအားနှုတ်ဆက်ပြီးနောက် စံအိမ်ပေါ်ကနေ ဘုန်းမော်ဆင်းလာခဲ့သည်။ ဘုန်းမော်နှင့်အတူ ကန်ဒီလည်း အောက်သို့လိုက်ဆင်းလာခဲ့သည်။ မင်းမြတ်ကတော့ လှေကားထစ်နားအထိပဲ ဘုန်းမော်နှင့်ကန်ဒီအားလိုက်ပို့ပေးခဲ့သည်။
ဆိုင်ကယ်ပေါ်တက်မည်ပြုစဉ် ကန်ဒီမှာ တစ်စုံတစ်ခုအားသတိရသွားပြီး ပြန်ဆင်းလိုက်သည်။ ထို့နောက် မင်းမြတ်အရှေ့သွားကာ လက်ဖြန့်လိုက်သည်။
" ငါ့အတွက် ဘောနပ်စ်ကော "
ထိုစကားကိုကြားတော့ မင်းမြတ်က မျက်ခုံးတစ်ဖက်ပင့်ကာ ဟမ့်ခနဲ လုပ်ရယ်လိုက်သည်။
" မနေ့ညက အမင်္ဂဝိဥာဉ်ကို ငါ သုတ်သင်ခဲ့ရတာလေ။ စာအုပ်ထဲမှာ မင်းလက်ရေးနဲ့ မင်းကိုယ်တိုင်ရေးထားတဲ့စာကိုမမှတ်မိဘူးလား "
ကန်ဒီက အံ့သြသယောင်၊စိတ်အနှောင့်အယှက်ဖြစ်သယောင်မျက်နှာထားဖြင့် မျက်လုံးအားဝေ့လိုက်သည်။
" အမင်္ဂဝိဥာဉ်ကို ရှာတွေ့ခဲ့တာငါလေ။ ပြီးတော့ ဦးခေါင်းနှစ်လုံးစလုံးကို ပစ်နိုင်ခဲ့တာလည်းငါပဲ။ မင်းက ပွဲပြီးခါနီးမှ နှမ်းလာဖြူးတာလေ။ မမှတ်မိဘူးဆိုပြီး ငါ့ကိုဂျင်းသိပ်မယ်မကြံနဲ့နော်။ မင်း စေးကုပ်တတ်မှန်းသိလို့ ငါအသေးစိတ်ချရေးထားပြီးသား "
" ဘာ… နှမ်းဖြူးတာ။ ဟုတ်လား။ ငါသာအချိန်မီရောက်မလာခဲ့ရင် မင်းကော ဒီကောင်လေးကော နောက်ဘဝကူးသွားလောက်ပြီ။ ဂိုဏ်းသားဖြစ်ပြီး အရှေ့ကနေ ရွပ်ရွပ်ချွံချွံတိုက်မယ်မရှိဘူး။ ဘာလက်နက်မှမပါတဲ့ကလေးက မင်းကို သူ့ကိုယ်နဲ့ကာပြီး ပြန်ကယ်နေရတယ် "
စက်ဘီးဒေါက်ပြန်တင်နေသည့်ဘုန်းမော်မှာ သူ့အကြောင်းပြောသံကြားတော့ အူတူတူပုံစံဖြင့်မော့ကြည့်လာသည်။ ကန်ဒီက မယုံနိုင်သောမျက်လုံးများဖြင့် ဘုန်းမော်အားဖျတ်ခနဲလှည့်ကြည့်လိုက်ပြီး ခဏကြာတော့ မင်းမြတ်ဘက်သို့ပြန်လှည့်လိုက်သည်။
" ဘာပဲဖြစ်ဖြစ် စည်းကမ်းကစည်းကမ်းပဲလေ။ဘောစိကိုယ်တိုင် အမင်္ဂဝိဥာဉ်ကိုရှာတွေ့ခဲ့ရင် သုံးဆယ်ရာခိုင်နှုန်း ဆုလာဘ်ခံစားခွင့်ရှိတယ်လို့ပြောထားတယ်မဟုတ်ဘူးလား။ ပေးစရာရှိတာ ပေးစမ်းပါ။ မဟုတ်ရင် ဘောစိဆီသွားပြီး ငါကွန်ပလိန်းသွားတက်ရလိမ့်မယ်နော် "