ညင်းလေပြေတဖြူးဖြူးတိုက်ခတ်နေသည့်ညချမ်းအချိန်အခါဝယ် ရုတ်တရက်ထမြည်လာသည့်ဖုန်းသံကြောင့် နှစ်ခြိုက်စွာအိပ်မောကျနေသည့်မင်းမြတ်တစ်ယောက်ဆတ်ခနဲလန့်နိုးသွားခဲ့သည်။
အိပ်ချင်မူးတူးဖြင့် ဖုန်းအားကြည့်လိုက်ရာ ကန်ဒီ့ဖုန်းနံပါတ်ဖြစ်နေမှန်းတွေ့လိုက်ရ၏။
မင်းမြတ်အတန်ငယ်အံ့သြမိသည်။ ကာလနဂါးထက်ပင်အိပ်ရေးမက်လှသည့်ကန်ဒီက ဘယ်လိုလုပ်ပြီး မခေါ်စဖူး ညသန်းခေါင် ၃နာရီတွင် ဖုန်းထခေါ်နေရသနည်း။ ကိစ္စတစ်ခုခုရှိလို့ပဲဖြစ်ပေလိမ့်မည်။ ထို့ကြောင့် မင်းမြတ်လည်း ချက်ခြင်းပဲဖုန်းကိုင်လိုက်သည်။
" အေး ပြော "
" ……."
တစ်ဖက်ကဘာအသံမှထွက်မလာပေ။
" ဟယ်လို ဟယ်လို။ ကြားလား လိုင်းမကောင်းဘူးလား "
အချိန်အတော်ကြာသည်အထိ တစ်ဖက်မှအသံစိုးစဉ်းမျှပြုမလာသည့်အခါ အိပ်ချင်နေသည့်မင်းမြတ်တစ်ယောက်အနည်းငယ်စိတ်မကြည်ဖြစ်လာခဲ့သည်။
" ဟေ့ကောင် စောက်ခွက်ပြောင်မနေနဲ့နော်။ ဘာမှပြောစရာမရှိရင် ငါဖုန်းချလိုက်တော့မယ် "
ဖုန်းချလိုက်မည်ဟုပြောသော်လည်း တကယ်တမ်းတွင် မင်းမြတ်ဖုန်းမချနိုင်ခဲ့ပါ။
ဒီလိုနှင့် အတော်အတန်ကြာတော့ တစ်ဖက်ကနေရယ်သံသဲ့သဲ့ထွက်ပေါ်လာခဲ့သည်။ ထိုအသံကိုကြားတော့ မှေးစင်းနေသည့်မင်းမြတ်၏မျက်လုံးများမှာ ဆတ်ခနဲပြူးကျယ်သွားခဲ့သည်။ ထိုအသံမှာ ကန်ဒီ၏အသံလုံးဝမဟုတ်ပေ။
"……ဟမ်း စိုးရိမ်စိတ်တွေနဲ့ ဝေခွဲမရတဲ့တွယ်တာစိတ်တွေကို ခံစားနေရပါလား "
တီးတိုးပြောသံလိုလိုခပ်သြသြအသံလို ရောထွေးနေသည့်အသံကြီးကိုကြားတော့ မင်းမြတ်တစ်ယောက် အိပ်နေရာကနေဆတ်ခနဲထထိုင်လိုက်သည်။
" မင်း ဘယ်သူလဲ! ကန်ဒီဘယ်မှာလဲ! "
" စိတ်မပူနဲ့ သူ အသက်ရှိပါသေးတယ်…အခုအချိန်ထိပေါ့ "
" ငါမင်းကို သတိပေးလိုက်မယ်! သူ့ဆံပင်တစ်မွှေးကိုတောင်မှ ထိဖို့မကြိုးစားနဲ့! မဟုတ်ရင် မင်းရဲ့ခေါင်းကို ငါလာဖြတ်မိလိမ့်မယ်! "