မကြာမီ ရောက်ရှိလာမည့်ဆွေးနွေးပွဲအတွက် ပြင်ဆင်ထားရမည့်အချက်များအကြောင်းအသိပေးရန် မုဒြာသည် ဘုန်းအသင်္ခါအား လိုက်ရှာလို့နေသည်။
သို့သော် စံအိမ်တော်တစ်ပတ်သာနှံ့သွားသည်၊ ဘုန်းအသင်္ခါကို လုံးဝမတွေ့ချေ။ ထို့ကြောင့် မှောင်မှောင်မဲမဲနှင့် ဘုန်းအသင်္ခါသွားတတ်သည့်ကျောက်ဆောင်ဘက်သို့သာ ထွက်လာခဲ့လိုက်သည်။
သဲသောင်ပြင်တွင် နပန်းလုံးနေကြသည့်အမျိုးသားငယ်နှစ်ဦးကိုမြင်တော့ မုဒြာအတန်ငယ်မင်သက်သွားမိသည်။ ထိုအမျိုးသားနှစ်ဦးတွင် တစ်ဦးမှာ ဘုန်းအသင်္ခါဖြစ်ပြီး ကျန်တစ်ဦးမှာမူ လူသားအသွင်ပြောင်းထားသည့်ရေနတ်မင်း ဖြစ်လေသည်။
ဘုန်းအသင်္ခါမှာ အပေါ်စီးကနေ အသာရနေခဲ့ပြီး ရေနတ်မင်းအား သူ့ကိုယ်ဖြင့်ဖိကာ ချုပ်ထားခဲ့၏။
" ကျွန်ုပ်ကို အရှုံးပေးပါတယ်လို့ပြောရင် လွှတ်ပေးမယ် ဘယ်လိုလဲ "
" ဆုတောင်းလေ "
" ရတယ်လေ "
ထို့နောက် ဘုန်းအသင်္ခါသည် ပြောင်ချော်ချော်မျက်နှာပေးနှင့် စတင်တောင်းဆုပြုလေသည်။
"ကြီးမြတ်လှစွာသော
ဘုန်းတန်ခိုးအာနုဘော်၊
မြင့်မြတ်လှပါသော
ဂုဏ်ရည်စွမ်းပကားတို့နှင့်
ပြည့်စုံတော်မူထိုက်သော မဟာသမုဒ္ဒရာသခင်..အဏ္ဏဝါရေနတ်အရှင်အား
ဦးထိပ်ပန်ဆင်လျက် ရှိခိုးဂါရဝပြုပါ၏။
ထိုကဲ့သို့ ရှစ်ခိုးပူဇော်ရသောအကျိုးကြောင့် ဟော့ဒီလုလင်ပျိုအား အရှုံးပေးပါတယ်ဟုဖွင့်ဟဝန်ခံလာအောင် စွမ်းဆောင်ပေးသနားတော်မူပါ။ သြော်.. ဟုတ်သားပဲ သင်က ရေနတ်အရှင်ပဲ "တခစ်ခစ်နှင့် ဘုန်းအသင်္ခါ ရယ်မောလိုက်သည်။
သို့သော် ဘုန်းအသင်္ခါအနေနှင့် ဘယ်လောက်မှ မရယ်လိုက်ရပါ။ မျက်စိတစ်မှိတ်အတွင်းတွင်ပဲ ရေနတ်မင်းသည် လေဟုန်ကဲ့သို့အရှိန်နှင့် အခြေအနေအားပြောင်းလဲပစ်လိုက်သည်။
ယခုဆိုလျှင် ဘုန်းအသင်္ခါမှာ အောက်သို့ရောက်သွားခဲ့ပြီး လက်ကိုလည်း နောက်ပြန်ချုပ်ခံလိုက်ရပြီဖြစ်၏။