စိတ္တကျွန်းပေါ်တွင်တော့ အယောက်သုံးဆယ်ကျော်သောတမာန်တော်များမှာ ပူဇော်ပွဲအတွက်စုဝေးနေကြလေသည်။ ပူဇော်ပွဲကျင်းပရာနေရာမှာ စံအိမ်တော်၏မြောက်ဘက် ၂မိုင်အကွာရှိ စကြာမုနိပရဝုဏ်တွင်ဖြစ်၏။ စကြာမုနိဆိုသည်မှာ စက်ဝိုင်းသဏ္ဍာန်ရှိသည့်အစီအရင်ကျောက်ဖြာကြီးတစ်ချပ်ဖြစ်ပြီး ဘေးပတ်ပတ်လည်တွင်မူ နတ်ဘုရားတစ်ပါးစီ၏နတ်ကွန်းများကို တည်ထားလေသည်။
စကြာမုနိကျောက်ပြား၏ထိပ်ဘက် မလှမ်းမကမ်းတွင်တော့ ရေစီးအလွန်သန်လှသည့် ရေတံခွန်ကြီးတစ်ခုရှိ၏။
" အကြီးအကဲ ဒီကိစ္စကို ဒေဝီသိရင် စိတ်ဆိုးနိုင်တယ်လို့မထင်ဘူးလား "
ဘဦးက ဦးမင်းထက်အနားသို့ကပ်ကာ စိုးရိမ်စွာဖြင့်တီးတိုးပြောလိုက်သည်။ ဘဦးမှာ ဦးမင်းထက်၏အားအကိုးရဆုံးမြေးဖြစ်ပြီး မင်းမြတ်နှင့်လည်း ဦးလေးဝမ်းကွဲတော်စပ်၏။
ဒေဝီမုဒြာမှာ ရုတ်တရက်ဆုံးပါးသွားသည့်တောင်ပိုင်းအကြီးအကဲ၏သတင်းကြောင့် မော်ကျွန်းသို့ ခရီးထွက်သွားခဲ့သည်။ ထို့ကြောင့် ယနေ့ညပူဇော်ပွဲအား ဦးမင်းထက်မှ ကြီးမှူးပြီးကျင်းပမှာဖြစ်၏။
" ဘယ်တတ်နိုင်မလဲ။ ဒေဝီက ငြိမ်းချမ်းတဲ့လမ်းစဉ်ကို လိုက်ဖို့ပြောပေမယ့် လူစိတ်မရှိတဲ့မိစ္ဆာတွေဆိုတာ မသုတ်သင်မချင်းအဆုံးသတ်သွားမှာမဟုတ်ဘူး။ စိန်ကို စိန်နဲ့ပဲ ဖြတ်လို့ရသလို အစွမ်းရှိသူကိုလည်း အစွမ်းနဲ့ပဲ ချေမှုန်းမှရလိမ့်မယ်။ အဲ့ဒါကြောင့် ဒီညမှာ မိုးနတ်မင်းရဲ့ဝရဇိန်သိဒ္ဓိကို စွန့်ကြဲဖို့ ငါတို့တောင်းဆိုရမယ်။ ဒါမှ ငါတို့လက်နက်က နိုးထလာမှာ "
ဦးမင်းထက်၏စကားကိုကြားတော့ ဘဦးမှာ မအံ့သြပဲမနေနိုင်အောင်ဖြစ်သွားမိသည်။ အမှန်တကယ်ဆိုလျှင် ယနေ့ပူဇော်ပွဲမှာ တမာန်တော်များအပေါ် ပုဂ္ဂိုလ်ရဲ့အမှောင့်ပယောဂများမသက်ရောက်နိုင်အောင် နတ်မင်းကြီးများထံမှ အကာအကွယ်သိဒ္ဓိများကို တောင်းခံကြမှာဖြစ်၏။ မင်းမြတ်ကို ပုဂ္ဂိုလ်မှဆက်သွယ်ပြီးနောက်ပိုင်း ဒေဝီမုဒြာက တမာန်တော်များမထိခိုက်ရလေအောင် ဒိုင်းကာအနေနှင့်ယခုလိုပူဇော်ပွဲအား ပြုလုပ်စေခဲ့တာဖြစ်၏။