နတ်မင်းကြီးကြွလာတော့မည်ဖြစ်သော်လည်း စက်ဝိုင်းအပြင်တွင် မတ်တပ်မတ်တပ်လုပ်နေသည့်မြတ်သူကြောင့် ထိပ်ထားစံက 'ဘာလုပ်နေတာလဲ'ဟု လာမေးသည်။
မြတ်သူက 'အကြီးအကဲကစောင့်ခိုင်းလို့ စောင့်နေတာ' ဟုသာ ပြန်ဖြေလိုက်သည်။ ကန်ဒီကြောင့်စည်းပေါက်သွားတာကို ထိပ်ထားစံသိသွားပါက ပြောလို့ဆိုလို့ဆုံးမှာမဟုတ်တော့မှန်း မြတ်သူသိ၏။ ထို့ကြောင့် လျှိုဝှက်ထားလိုက်သည်။
ကျောပူတာကော နားပူတာကော မြတ်သူမခံနိုင်ပါ။
" နင် အကြာကြီးရပ်နေရတာ မညောင်းဘူးလား။ ငါ ကူစောင့်ပေးရမလား "
" ရတယ် ရတယ်။ နင့်ဟာနင် ဟိုမှာသွားနေစမ်းပါ"
မြတ်သူက ထိပ်ထားစံကိုပထုတ်သည်။ ထိပ်ထားစံက စိတ်ကောက်သွားသည့်ပုံဖြင့်ဟင့်ခနဲနှာမှုတ်လိုက်သည်။
" နေပေါ့ ငါက စေတနာနဲ့လည်း ပြောရသေးတယ် "
စိတ်ကောက်နေသည့်ထိပ်ထားစံ၏မျက်နှာမှာ မျက်လုံးထဲတွင် ရယ်စရာကောင်းနေသဖြင့် မြတ်သူတစ်ယောက်ဟန်မဆောင်နိုင်ပဲ ခွီးခနဲရယ်မောလိုက်မိသည်။
မြတ်သူက ရယ်လေ ထိပ်ထားစံမှာ ရှက်ရမ်းရမ်းပြီးဒေါသထွက်လာလေဖြစ်သဖြင့် မြတ်သူ၏ကျောကုန်းကို လှမ်းထုဖို့ရွယ်လိုက်သည်။
ထိုအချိန်မှာပဲ နတ်ပင့်သံစဉ်ရပ်တန့်သွားတော့ နတ်မင်းကြီးကြွလာပြီအထင်နှင့် အတွင်းဘက်သို့ ထိပ်ထားစံ ခပ်သွက်သွက်ပြန်ဝင်လာခဲ့လိုက်သည်။ မြတ်သူကိုတော့ ပွဲပြီးမှပဲ သွေးအန်တဲ့အထိရိုက်ပစ်မည်ဟု စိတ်ထဲတွင် အကြွေးမှတ်ထားလိုက်သည်။
ထိပ်ထားစံထိုင်နေသည့်နေရာမှာ မည်သူမှမထိုင်သည့် နောက်ဆုံးအတန်းတွင်ဖြစ်ပြီး မြတ်သူနှင့်ဆိုလျှင် ရှစ်ပေ ကိုးပေဝန်းကျင်သာကွာဝေး၏။ ထို့ကြောင့် မြတ်သူ၏ရယ်သံအား အတိုင်းသားကြားနေရ၏။ ဒီလိုနှင့် နတ်မင်းကြီးကြွမြန်းလာတော့ မြတ်သူ၏အသံမှာလည်း တိတ်ဆိတ်သွားခဲ့သည်။
နတ်မင်းကြီးကြွလာပြီဆိုသော်ငြားလည်း နတ်မင်းကြီးအား ထိပ်ထားစံမမြင်ရပေ။ တလှိုင်လှိုင်သင်းပျံ့နေသည့်မွေးရနံ့ကလွဲလျှင် အရိပ်အယောင်မြူမှုန်လေးတောင်မတွေ့မိပေ။ ဆီမီးခွက်ကိုကိုင်ဆောင်ထားသည့်ဦးမင်းထက်နှင့် လက်ဝဲရံလက်ယာရံဖြစ်သည့်ဘဦးနှင့်မင်းမြတ်တို့သာ ကောင်းကင်ဘုံနတ်မင်းကြီးကို မြင်ခွင့်ရပုံပေါ်သည်။