မိုးစွေစွေနှင့်ချမ်းစိမ့်စိမ့်ဖြစ်နေသည့် မနက်ဝေလီဝေလင်းအချိန်ဝယ် ခေါင်းရင်းအိမ်မှ ရုတ်တရက်ထွက်ပေါ်လာသည့်ကြက်တွန်သံကြောင့် ဘုန်းမော်ဆတ်ခနဲလန့်နိုးသွားသည်။ နာရီကိုကြည့်လိုက်ရာ လေးနာရီခွဲနေပြီဖြစ်သဖြင့် အိပ်ရာကနေ အိပ်ချင်မူးတူးဖြင့်ထလာခဲ့သည်။စောင်နှင့်ခြင်ထောင်များအား ခေါက်ခပ်သိမ်းဆည်းပြီးနောက် ထမင်းအိုးတည်ရန် ဆန်ပုံးကိုဖွင့်လိုက်သည်။ နို့ဆီဘူးတစ်ဘူးစာပဲကျန်ရှိတော့သည့် ဆန်ကိုမြင်တော့ သက်ပြင်းချလိုက်သည်။ ထို့နောက် ဆန်များအားတစ်စိမကျန် ပေါင်းအိုးခွက်ထဲသို့ ပုံးလိုက်သွန်ချလိုက်သည်။
ဒီလိုနှင့် ထမင်းအိုးတည်ထားပြီးသောအခါ မျက်နှာသစ်ရေမိုးချိုးရန် အိမ်ရှေ့သို့ထွက်လာခဲ့သည်။ မိုးဖွဲလေးများတဖွဲဖွဲရွာသွန်းနေသည့် လမ်းမထက်တွင်တော့ လူသူကင်းမဲ့နေပြီး မြူခိုးငွေ့လိုဝိဥာဉ်ပေါင်းများစွာသွားလာနေကြသည်။ အနှီဝိဥာဉ်များမှာ မနေ့ညကချားရဟတ်ပြိုကျမှုကြောင့် သေဆုံးသွားကြသည့်သူများလည်းဖြစ်၏။
" အမေရေ သမီးအိမ်ထဲဝင်လို့မရတော့ဘူး အီးဟီး…အမေ…သမီးကိုကယ်ပါဦး "
" အား…ငါခေါ်နေတာကြားကြလား ဟေ့ကောင်တွေ ငါ့ကိုကူညီကြဦးဟ "
" သားလေးရေ…အမေခေါ်နေတယ်လေ သားရေ "
နားနှင့်မဆန့်အောင်ကြားနေရသည့် ငိုယိုသံများ၊ အော်ဟစ်သံများကြောင့် ဘုန်းမော်လည်းခပ်သွက်သွက်ရေမိုးချိုးလိုက်ပြီး အိမ်ပေါ်သို့ခပ်သုတ်သုတ်ပြန်တက်လာခဲ့သည်။
မနေ့ညက လူနာတင်ယာဉ်များရောက်လာသောအခါ ကန်ဒီတို့နှင့်လမ်းခွဲပြီး အိမ်သို့ပြန်လာခဲ့သည်။ အန်တီကြီးရဲ့ဦးခေါင်းရှိသေးလားသိချင်သည့်အတွက် ဘေးလမ်းကနေဆက်မသွားပဲ လမ်းကြားထိပ်ဆီသို့တဖန်ပြန်ပတ်လာခဲ့သည်။
သွေးကွက်များစွန်းထင်းနေသည့် မိန်းလမ်းမကြီးမှာတော့ လူအများရှုပ်ယှက်ခတ်နေပြီး လူနာတင်ယာဉ်အသံများ၊လူအော်သံများဖြင့် ကြွပ်ကြွပ်ညံဆူညံနေခဲ့သည်။