ထမင်းစား၊ရေမိုးချိုးပြီးနောက် ကျက်စာနှင့်တွက်စာများအားထိုင်လုပ်လာခဲ့ရာ ဒက်ဖနေးရှင်းများအားလုံးကျက်ပြီးသွားချိန်၌ အချိန်မှာ ညနေခြောက်နာရီခွဲသွားခဲ့ပြီဖြစ်သည်။
အိုးစည်ဗုံမောင်းအသံများအား ခပ်သဲ့သဲ့ကြားလိုက်ရတော့ ပွဲဈေးစနေပြီဖြစ်ကြောင်း သိလိုက်ရသည်။ ဦးနှောက်အားအနားပေးရင်း ပွဲဈေးလျှောက်ရန်စိတ်ကူးမိတော့ စာအုပ်များကိုသိမ်းလိုက်ပြီး ထိုင်နေရာကနေ အကြောဆန့်ကာထလိုက်သည်။
ခပ်နွမ်းနွမ်းချည်အနွေးထည်လေးအားဝတ်ဆင်လိုက်ပြီးနောက် အိမ်တံခါးကိုသေချာပိတ်ကာ အပြင်သို့ထွက်လာခဲ့သည်။
ပွဲဈေးမှာ တစ်မှတ်တိုင်ခန့်ဝေးသော်လည်း ဘုန်းမော်စက်ဘီးမယူပဲ ခြေလျင်ဖြင့်သာလျှောက်လာခဲ့သည်။ မီးရောင်စုံထိန်ထိန်လင်းနေသည့်ပွဲဈေးနှင့်နီးကပ်လာလေ ဆိုင်းသံများမှာ ပိုပြီးကျယ်လောင်လာလေပင်။
ပွဲဈေးလာကြသည့်အမျိုးသမီးများမှာလည်း ဂျင်းဘောင်းဘီစကတ်တိုအစား ရင်ဖုံးနှင့်ချိတ်ထမီအားအလှချင်းပြိုင်ကာ မဟာဆန်ဆန်ဝတ်ဆင်လာကြသည်။ တစ်ချို့ဆိုလျှင် ဇာပုဝါပါ လွှားထားကြ၏။
ပွဲဈေးထဲတွင်တော့ အကင်အနံ့များ၊ ဆီကြော်မုန့်နံ့များမှာ တလှိုင်လှိုင်နှင့်သင်းပျံ့လို့နေလေသည်။ ဈေးဆိုင်တန်းများထဲမှ သေနတ်ပစ်ပြီး အရုပ်လက်ဆောင်ယူရသည့်ဆိုင်များတွင်တော့ လူများပိုအုံလျက်ရှိပြီး ဟေးဟားအသံများဖြင့်ဆူညံနေသည်။ လမ်းဘေးဝဲယာရှိဘေထုပ်ဈေးသည်များကလည်း လက်ခုပ်တီးရင်း အထည်များကို အော်ရောင်းနေကြသည်။
ဇာတ်သဘင်ပွဲကျင်းပရာ ရပ်ကွက်ဘောလုံးကွင်းတွင်တော့ လူအများတိုးကြိတ်နေကြပြီး တစ်ချို့ကတော့ဇာတ်ပွဲဘေးရှိ ချားရဟတ်ကြီးရှိရာဆီသို့သွားနေကြ၏။ အနှီချားရဟတ်ကြီးမှာလည်း ငွေမြူမှုန်များပက်ဖြန်းထားသလို မီးသီးသေးသေးလေးများဖြင့် ထိန်ထိန်လင်းလျက်ပင်။
ပုံမှန်ထက်ပိုပြီး ကြိတ်ကြိတ်တိုးကာရှုပ်ယှက်ခတ်နေသည့်လူများကိုမြင်တော့ ဘုန်းမော် စိတ်အပန်းပြေဖို့နေနေသာသာ မွန်းတောင်ကြပ်လာမိသဖြင့် ပြန်လှည့်ထွက်ခွာလာခဲ့သည်။