ဟောခန်းအနောက်ဘက်ရှိအခန်းထဲကနေ ဟေမာန်နှင့် ဘုန်းမော်တို့ထွက်သွားကြပြီးနောက် အဓိပ္ပာယ်ပါသည့်အပြုံးဖြင့် ထက်ပိုင်ပြုံးလိုက်ပြီး နှင်းဆီဖြူတစ်ပွင့်ကိုကိုင်ဆောင်လျက် အခန်းထဲသို့ဝင်လာခဲ့သည်။
ထိုင်မသိမ်းဝတ်စုံနှင့် မင်းသမီးတစ်ပါးလိုလှပစွာပြင်ဆင်ထားသည့်မေဘယ်မောင်ကိုမြင်တော့ သူ့မျက်နှာထက်ကအပြုံးမှာ ပို၍ပင်ထင်ရှားလာသည်။ နေရောင်ဖြာကျနေသောကြောင့် မေဘယ်မောင်၏ဝတ်စုံပေါ်ကစိကွင့်ကျောက်များမှာ တလက်လက်ဖြင့်ပင်။
" မေဘယ် တစ်ယောက်တည်းလား။ ဟေမာန်ကော "
စကားဆိုနေရင်း မေဘယ်မောင်၏အရိပ်ပေါ်တွင် ထက်ပိုင်မတ်တပ်ရပ်လိုက်သည်။ မေဘယ်မောင်မှာ ထက်ပိုင်ကို မြင်တော့ မျက်နှာရှစ်ခေါက်ချိုးဖြစ်သွားပြီး
" သူဘယ်သွားသွား နင့်အပူပါလား။ သရေတမျှမျှနဲ့ ခွေးအကြီးလို လိုက်ငမ်းမနေနဲ့။ ကိုကိုက နင့်လိုအခြောက်ကို ဘယ်တော့ပြန်ကြိုက်လာမှာမဟုတ်ဘူး "
စိတ်မကြည့်သည့်လေသံဖြင့် ထက်ပိုင်ကိုရင့်သီးစွာပြောလိုက်သည်။ ထက်ပိုင်ကတော့ မျက်နှာတစ်ချက်လေးတောင်ပျက်ယွင်းသွားခြင်းမရှိပဲ ပြုံးမြဲပြုံးနေဆဲပင်။ သို့သော် ထိုအပြုံးမှာ ဟန်ဆောင်ထားသည့်လုပ်ပြုံးတစ်ခုသာ။
" ငါ သိပါတယ်။ ငါ ဒီကိုလာတာ အားပေးဖို့သက်သက်ပါ။ တစ်ခြား ဘာစိတ်မှမရှိပါဘူး "
" မလိုပါဘူး။ ကိုယ့်အတန်းကိုပဲ အားပေးနေစမ်းပါ။ စင်ပေါ်တက်ခါနီး ကျက်သရေတုံးအောင်လာလုပ်နေတယ်။ ဖယ် "
ထို့နောက် မေဘယ်မောင်က ထက်ပိုင်၏ပုခုံးကိုတိုက်ကာ တစ်ခြားတစ်နေရာသို့ထွက်သွားခဲ့သည်။ ထက်ပိုင်ကတော့ ဟက်ခနဲ ပြုံးရယ်လိုက်ပြီး စိတ်လျှော့ဖို့ကြိုးစားရင်း မျက်နှာအားအပေါ်သို့မော့လိုက်သည်။ ထိုစဉ် ထက်ပိုင်၏ကျောအနောက်ဘက်ကနေ အရိပ်မဲကြီးတစ်ခုထွက်ပေါ်လာသည်။
" မင်းသမီးတအားဖြစ်ချင်တဲ့သူကို… လှလှပပလေးအဆုံးသတ်ပေးလိုက်ပါ "
လက်ထဲကနှင်းဆီဖြူကိုကြည့်နေရင်း ထက်ပိုင်စကားဆိုလိုက်သည်။ ထိုအခါ အရိပ်မဲကြီးမှာ ရယ်သံနက်ကြီးနှင့် တဟီးဟီးရယ်မောကာ မေဘယ်မောင်အနောက်သို့လိုက်သွားလေသည်။
