Chapter 29

1.4K 206 20
                                    

ပူဆွေးခြင်းမိစ္ဆာအားနှိမ်နင်းရန် တုပ်ထိုးသကြားလုံးသာလိုကြောင်း ဟေမာန်မှလက်ဟန်ပြ၍စကားပါးလာတော့ မင်းမြတ်တစ်ယောက်ဆွံအသွားမိသည်။ ပူဆွေးခြင်းမိစ္ဆာဆိုသည်မှာ ပုဂ္ဂိုလ်၏မျက်ရည်ကနေ ပေါက်ဖွားလာတာဖြစ်ပြီး အလွန်အန္တရာယ်များကြောင်း စာအုပ်တွေထဲတွင် သူဖတ်ဖူးသည်။

ထိုကဲ့သို့ မိစ္ဆာအား တုပ်ထိုးသကြားလုံးဖြင့် မည်သို့အနိုင်တိုက်ရမည်နည်း။

" ဗိုက်ဆာတယ် ဗိုက်ဆာတယ် ပုလဲတွေ…ပုလဲတွေကို စားရမယ်  "

ထိုစဉ် မြေကြီးမှာ ရုတ်တရက်တုန်ခါလာခဲ့ပြီး အဆောက်အဦးများကြားထဲကနေ ဧရာမဘီလူးကြီးတစ်ကောင်ထွက်ပေါ်လာခဲ့သည်။ ထိုအခါ မင်းမြတ်သည် လက်စွဲတော်နတ်ဓားကိုဆင့်ခေါ်လိုက်ပြီး တိုက်ခိုက်ရန်အသင့်ပြင်ထားလိုက်သည်။

" ပုလဲတွေ ပုလဲတွေ…စားရတော့မယ် စားရတော့မယ် "

သို့သော် ဘီလူးကြီးမှာ ရန်မူလိုသည့်အရိပ်အယောင်မျိုးလုံးဝမရှိပဲ တစ်စုံတစ်ရာအားစောင့်ဆိုင်းနေသည့်နှယ် ငြိမ်သက်စွာဖြင့်ရပ်နေခဲ့သည်။ ထို့ကြောင့် မင်းမြတ်လည်း တဇွတ်ထိုးတိုးမဝင်သေးပဲ ခေတ္တစောင့်ကြည့်နေလိုက်သည်။

သိပ်မကြာခင်မှာတော့ ငိုယိုနေသည့်လူများ၏မျက်ရည်သည် ပုလဲလုံးများသဖွယ် တလက်လက်နှင့် လေပေါ်ပျံလွင့်လာကြပြီး ဘီလူးကြီးထံရောက်ရှိလာသည်။ ထိုအခါ ဘီလူးကြီးသည် အစွယ်များပြည့်နှက်နေသည့်ပါးစပ်ကျယ်ကြီးကိုဟကာ လွင့်စင်လာသည့်မျက်ရည်ပုလဲများအား ဝါးမြိုစားသောက်လေတော့သည်။

လူအချို့မှာမူ ငိုပါများလာတာကြောင့် မျက်လုံးထဲကနေတောင် သွေးများထွက်လာကြသည်။

ကန်ဒီနှင့် ဘုန်းမော်သည်လည်း မေ့လဲတော့မလိုဖြစ်လာတာကြောင့် မင်းမြတ်သည် အချိန်ဆွဲမနေတော့ပဲ ဘီလူးကြီးထံ အရှိန်ဖြင့်ပြေးသွားခဲ့ပြီး အနားသို့အရောက်တွင် ဓားဖြင့်လွှဲ၍ခုတ်ချပစ်လိုက်သည်။ ထိုအခါ ပျစ်ချွဲချွဲငွေရောင်အရည်များမှာ ပွက်ခနဲ ပန်းထွက်လာပြီး ဘီလူးကြီး၏ခန္ဓာကိုယ်မှာလည်း နှစ်ပိုင်းပြတ်ထွက်သွားခဲ့သည်။

 ပုဂ္ဂိုလ်Where stories live. Discover now