မနက်ခင်းကိုးနာရီဝန်းကျင်ခန့်တွင် ဘုန်းမော်သည် စက်ဘီးကို ပုံမှန်ထပ်ခပ်မြန်မြန်နင်းလျက် စိတ္တကျွန်းပေါ်သို့သွားခဲ့သည်။ မနေ့ညက အိမ်သို့ပြန်ရောက်ရောက်ချင်းမှာပဲ ပင်ပန်းမှုကြောင့်တန်း၍အိပ်ယာဝင်ခဲ့မိသည်။ ပူဇော်ပွဲအား လုံးဝမေ့နေခဲ့ပြီး မျက်နှာသစ်သည့်အချိန်မှသာသတိရခဲ့သည်။ထို့ကြောင့် သတိရရချင်း ကျောင်းကိုပင်မသွားပဲ စိတ္တကျွန်းသို့ထွက်လာခဲ့သည်။ လမ်းတလျှောက်တွင်လည်း မင်းမြတ်၏ဆူငေါက်ခြင်းကိုခံရတော့မည်ဖြစ်သဖြင့် ကြိုတွေးကာပူပင်နေခဲ့မိသည်။
သို့ပေတည်း စံအိမ်ကိုရောက်တော့ မင်းမြတ်မှာ သူ့အားမဆူခဲ့ပေ။
ထိုအစား
" မနေ့ညက မင်းမလာတာကံကောင်းသွားတယ် " ဟုတောင်ပြောလိုက်သေး၏။ဘုန်းမော်တစ်ယောက်အူကြောင်ကြောင်ဖြစ်သွားမိသည်။ နောက်တော့ မင်းမြတ်အပါအဝင် စံအိမ်ပေါ်ရှိလူများမှာ ဒဏ်ရာကိုယ်စီရထားကြသဖြင့် မနေ့ညက မကောင်းတာတစ်ခုခုဖြစ်ခဲ့ပုံရကြောင်း အလိုလိုသိလိုက်ရသည်။
သို့ပေတည်း အသေးစိတ်အားသိချင်သည့်အတွက် မဝံ့မရဲဖြင့်မေးလိုက်သည်။
" မနေ့ညက… ဘာဖြစ်ခဲ့လို့လဲ "
" မနေ့ညက မိစ္ဆာတစ်ကောင်လာတိုက်ခိုက်သွားတယ်။ လူတွေရဲ့အရိပ်ကိုထိန်းချုပ်ပြီး တိုက်ခိုက်သွားတာ၊ ဦးဘဦးတောင် သူ့ရဲ့ထိန်းချုပ်တာကိုခံခဲ့ရတယ်။ ဒေဝီပြောတာတော့ အဲ့ဒီမိစ္ဆာက ပုဂ္ဂိုလ်ရဲ့အရိပ်ကနေမွေးဖွားလာတဲ့ ချာယာမိစ္ဆာတဲ့။ အဲ့ဒါကြောင့် အရိပ်ကိုအသုံးပြုပြီး ဒုက္ခပေးနိုင်တာ…ပြီးတော့… "
မင်းမြတ်က စကားပြောတာကိုခေတ္တရပ်တန့်လိုက်ပြီး ဘုန်းမော်အား အကဲခတ်သည့်ပုံဖြင့်ကြည့်လာသည်။ ဘုန်းမော်ကတော့ အူတူတူပုံစံဖြင့်သာ မင်းမြတ်ဆက်ပြောမည့်စကားအားစောင့်စားနေ၏။
" မင်းရယ် ဟေသီရယ် စိတ္တမိစ္ဆာကိုတိုက်ခဲ့တုန်းက တစ်ခြားဘာတွေဖြစ်ခဲ့ကြသေးလဲ "
ရုတ်တရက်မေးလာသည့်မင်းမြတ်၏မေးခွန်းကြောင့် ဘုန်းမော်၏နှလုံးမှာ ဒိတ်ခနဲတုန်လှုပ်သွားသည်။