"တောင်… တောင်… တောင် "
ကျောင်းခေါင်းလောင်းခေါက်သံထွက်ပေါ်လာပြီးနောက် ကျောင်းသားများသည် ခြံဝန်းထဲမှလွှတ်ပေးလိုက်သည့်သိုးလေးများလို တရုန်းရုန်းနှင့်တိုးကြိတ်ကာ ကျောင်းဆင်းလာကြသည်။
ဘုန်းမော်သည်လည်း ခါတိုင်းလိုလူရှင်းချိန်ကိုစောင့်မနေတော့ပဲ ကျောပိုးအိတ်ကိုလွယ်လျက် လေးလေးမှိုင်မှိုင်ဖြင့် အခန်းပြင်သို့ထွက်လာခဲ့သည်။
ထက်ပိုင်၏အမင်္ဂလာဝိဥာဉ်မှာ ပျောက်သွားပြီဆိုသော်ငြားလည်း ဟေမာန်၏'ကျက်သရေတုံးလိုက်တာ'ဟူသည့်စကားကြောင့် ဘုန်းမော်စိတ်ထဲတွင် ကျောက်စရစ်ခဲခံနေသလို ခုတုတုဖြစ်နေမိသည်။ ဟေမာန်မှာ တမာန်တော်များအားသိသိသာသာမုန်းနေပုံရပြီး အမင်္ဂဝိဥာဉ်ကိုလည်း ရုတ်သိမ်းနိုင်စွမ်းရှိနေ၏။
မသေချာပဲနှင့် မဆုံးဖြတ်ချင်သော်လည်း ဟေမာန်မှာ ပုဂ္ဂိုလ်နှင့်ပက်သက်မှုတစ်ခုခုရှိနေလိမ့်မည်ဟု သူ့စိတ်ထဲတွင်သံသယဖြစ်မိသည်။ ထို့အပြင် မနက်ကကိစ္စဖြစ်ပွားနောက် ဟေမာန်သည် သူ့အား လုံးဝမခေါ်တော့ပေ။
သူနှင့် ဟေမာန်မှာ ဖက်လဲတကင်းမိတ်ကျွမ်းဝင်များမဟုတ်ကြသော်လည်း မျက်မှန်းတန်းမိသည့်အခါ မေးထူးခေါ်ပြောလုပ်သည့်အဆင့်တော့ရှိကြပါသေး၏။ ယခုတွင်တော့ ဟေမာန်မှာ ဘုန်းမော်အားလမ်းမှာတွေ့ရင်တောင် မမြင်ယောင်ဆောင်နေပြီး၊ အကြည့်ချင်းဆုံမိရင်တောင် မျက်နှာလွှဲသွားတတ်၏။ ဘုန်းမော်နှင့်မပက်သက်ချင်လို့ရှောင်နေမှန်း အလွန်သိသာသည်။
လူအများဝိုင်းပစ်ပယ်ထားလျှင်တောင် ဂရုမစိုက်တတ်သည့်ဘုန်းမော်မှာ ဟေမာန်နှင့်ကျမှ စိတ်ထဲမတင်မကျဖြစ်မိနေပြီး မလုံသလိုလည်းခံစားနေရ၏။ ဒီလိုနှင့်သက်ပြင်းတသွင်သွင်ချကာ စက်ဘီးလေးကိုတွန်းရင်း ကျောင်းအပြင်သို့ထွက်လာခဲ့သည်။
ဖယ်ရီကားနှင့်အိမ်စီးကားများရပ်ထားသည့် ကုက္ကိုလ်ပင်အရှေ့သို့ရောက်သည့်အခါ
" ဟေ့ ဟိုတစ်ယောက်။ ဘုန်းမော်ဆိုလား ဘာလား "
လက်ခုပ်တီးပြီးလှမ်းခေါ်လိုက်သည့်အသံကြောင့် ဘုန်းမော်လှည့်ကြည့်လိုက်သည်။ ကားအနက်နားတွင်ရပ်နေသည့် လူသုံးယောက်ကိုတွေ့တော့ သူမင်သက်သွားမိသည်။