ကျောင်းပိတ်ရက်ဖြစ်သည့်စနေနေ့ ညအချိန်တွင်တော့ မိုးဖွဲလေးများတဖွဲဖွဲနှင့်ရွာသွန်းနေသည်။ အိပ်ရာထဲတွင် မိုးအေးအေးနှင့်ကွေးနေဖို့အခွင့်မသာသည့် ဘုန်းမော်ကတော့ မိုးကာအင်္ကျီကိုဝတ်ဆင်ကာ လမ်းထိပ်ရှိကုန်စုံဆိုင်သို့သွားခဲ့သည်။
ယနေ့သည် သူ့ဖခင်ငွေလွှဲပေးမည့်ရက်ဖြစ်၏။
ကော်ပုံးထဲရှိဆန်မှာလည်း နို့ဆီဘူးနှစ်ဘူးသုံးဘူးစာသာကျန်တော့သဖြင့် ပိုက်ဆံရတာနှင့် ဆန်အိတ်တစ်အိတ်ပါဆွဲလာရန်ဘုန်းမော်စိတ်ကူးမိသည်။ သို့သော် သူ့စိတ်ကူးများမှာ ဆိုင်သို့ရောက်ပြီးသိပ်မကြာခင်မှာပဲ တစ်မုဟုတ်ချင်းပျောက်ကွယ်သွားခဲ့သည်။
ယခုလတွင်တော့ အဖေသည် ငွေလွှဲထားခြင်းမရှိခဲ့ပေ။
" မင်းအဖေက သူ့မိန်းမရဲ့မီးဖွားစရိတ်ကြောင့် ဒီလတော့ မပို့ပေးနိုင်သေးဘူးတဲ့။ နောက်လကျရင် နှစ်လစာပို့ပေးပါ့မယ်တဲ့။ မင်းမှာ ရှိသေးလား မရှိလည်း ငါ ချေးပေးထားရမလား "
ဆိုင်ရှင်ဦးတရုတ်ကြီးရဲ့စကားကိုကြားတော့ သက်ပြင်းချရုံမှလွဲ၍ သူဘာမှမတတ်နိုင်ခဲ့ပေ။ သူ့အဖေကိုလည်း သူမပြစ်မတင်မိပါ။
" ရပါတယ်ဦးလေးရယ်။ ကျွန်တော့်မှာ ရှိပါသေးတယ် ဒါနဲ့ ဘာလေးမွေးတာတဲ့လဲ "
" မိန်းကလေးတဲ့။ သူ့အမေနဲ့တူတယ်ဆိုတော့ ထိုင်းရုပ်လေးပဲနေမှာပေါ့။ မင်းအဖေလည်း သမီးလေးရတော့တော်တော်ပျော်နေတာ။ ယောက်ျားလေးဆိုရင် သူပျော်ချင်မှပျော်မှာ "
ထိုအခါ ဘုန်းမော် ခပ်ရေးရေးလေးပြုံးလိုက်မိသည်။ အဖေ့မှာ အားကိုးစရာသမီးမိန်းကလေးရှိသွားပြီပဲဆိုသည့်စိတ်လေးနှင့် ကိုယ့်ကိုယ်ကိုနှစ်သိမ့်လိုက်သည်။ ထို့နောက် ဈေးဆိုင်ထဲကနေ ခပ်ကုပ်ကုပ်ပြန်ထွက်လာခဲ့သည်။
အမျိုးများထံတွင် ပိုက်ဆံမချေးငှားချင်သည့်အတွက် အချိန်ပိုင်းအလုပ်တစ်ခုခုကိုရှာဖွေရန် တစ်လမ်းလုံးစဉ်းစားလာခဲ့မိသည်။
အိမ်ကိုပြန်ရောက်တော့ မြန်မာစာအုပ်ကြားက ပိုက်ဆံကိုထုတ်ကြည့်မိသည်။ ၅၀၀တန်နှစ်ရွက်၊ ၂၀၀တန်ခြောက်ရွက်နှင့် ၅၀တန်တစ်ရွက်ကို မြင်တော့ သူသက်ပြင်းချလိုက်သည်။