Chapter 11

1.8K 241 6
                                    

ခေါင်းပြတ်နေသည့်ခန္ဓာကိုယ်အား စိုက်ကြည့်နေတုန်း သွေးများပန်းထွက်နေသည့်လည်ပင်းပေါက်ထဲကနေ အသားပိုကြီးတစ်ခု ဗွက်ခနဲပြူထွက်လာတော့ ဘုန်းမော်လန့်သွားသည်။ အသားပိုကြီးထွက်ပေါ်လာချိန်မှာပဲ စူးဝါးလှသည့်မှင်စာလိုအော်သံများပါထွက်ပေါ်လာတော့ နားနှစ်ဖက်ကို ခပ်တင်းတင်းပိတ်ထားလိုက်မိသည်။

" ဘာဖြစ်လို့လဲ "

ကန်ဒီက ဘုန်းမော်ရဲ့ပုခုံးကိုလက်တစ်ဖက်ဖြင့်ဆုပ်ကိုင်ကာ မေးလိုက်သည်။ ကျယ်လောင်လှသည့်အော်သံများထွက်ပေါ်နေသော်လည်း ကန်ဒီမှာ စိုးစဉ်းမျှတောင်ကြားပုံမရပေ။ ဘုန်းမော်တစ်ယောက်တည်းသာ အသံများကို နားပင်းမတတ်ကြားနေရ၏။

ခဏကြာတော့ အော်သံများတိတ်ဆိတ်သွားသည်။ ထို့ကြောင့် ဘုန်းမော်လည်း နားနှစ်ဖက်ကို ဖြည်းဖြည်းချင်းပြန်ဖွင့်လိုက်သည်။

အော်သံများဆိတ်ငြိမ်သွားပြီးခဏအကြာတွင်တော့ အသားပိုကြီးမှာ လှုပ်ရမ်းလာပြီး အထဲကနေမွေးကင်းစကလေးငိုသံများ ထွက်ပေါ်လာပြန်သည်။ ထို့နောက် ပျစ်ချွဲချွဲသွေးရည်ကြည်များစီးကျလာပြီး အသားစိုင်တွေထဲကနေ သွေးကြောစိမ်းစိမ်းထနေသည့်ဦးခေါင်းကြီးသုံးလုံး ဖောက်ထွက်လာကြသည်။

မိခင်ဝမ်းဗိုက်ထဲမှထွက်လာကြသည့် မွေးကင်းစကလေးများလို မျက်လုံးမှိတ်လျက်သန်းဝေနေကြသော်လည်း ပါးစပ်မှာ စုပ်ခွက်ငါးလိုခပ်ဝိုင်းဝိုင်းသဏ္ဍာန်ရှိပြီး များပြားလှသည့်အစွယ်ချွန်များလည်းငေါထွက်နေသည်။

" တစ္ဆေခေါင်း…"

တုန်တုန်ရီရီဖြင့် ဘုန်းမော်လက်ညိုးထိုးပြလိုက်သည်။

" ဘယ်မှာလဲ။ ဘာမှမရှိပါဘူးဟ "

ကန်ဒီမှာ ခေါင်းပြတ်နေသည့်ခန္ဓာကိုယ်ကိုသာမြင်ရသဖြင့် မျက်မှောင်ကြုတ်ပြီး ဘုန်းမော်ကိုပြန်မေးလိုက်သည်။

" ဟိုမှာရှိတယ် "

ဘုန်းမော် နောက်တစ်ကြိမ်လက်ညိုးထိုးပြလိုက်သည်။ ထို့ကြောင့် ကန်ဒီလည်း မျက်မှောင်ကြုတ်ရင်း သေချာစိုက်ကြည့်လိုက်ပြန်သည်။ သို့သော် ခေါင်းမရှိသည့်လည်ပင်းပြတ်ကြီးကလွဲလို့ သူဘာမှမတွေ့မိပေ။

 ပုဂ္ဂိုလ်Where stories live. Discover now