ဟေမာန်ထွက်သွားပြီးနောက် ဘုန်းမော်တစ်ယောက် အရုပ်ကြိုးပြတ်သဖွယ် စိတ်ဓာတ်ကျစွာဖြင့်ထိုင်ချလိုက်မိသည်။ ယခုဆိုလျှင် ဟေမာန်မှာ ပုံစံအစစ်အမှန်ကိုထုတ်ပြလာပြီဖြစ်သလို ဘုန်းမော်မှာလည်း ဘေးကြပ်နံကြပ်အခြေအနေအတွင်းသို့ တွန်းပို့ခံလိုက်ရပြီဖြစ်သည်။
ဟေမာန်ခေါ်ရာနောက်သို့ မလိုက်လိုသည့်အတွက် လွတ်မြောက်ရာနည်းလမ်းပေါင်းစုံကိုစဥ်းစားကြည့်သည်။ ကြိုးစား၍လည်းတံခါးနားသို့အခေါက်ခေါက်အခါခါသွားကြည့်သည်။ သို့သော် ခြေထောက်များမှာ နွံနှစ်သွားသလို မလှုပ်ရှားနိုင်ပဲ တဘုန်းဘုန်းနှင့်လဲကျသဖြင့် နောက်ဆုံးတွင်တော့ ဘုန်းမော်လည်းလက်လျော့လိုက်ရတော့သည်။
.
.
.
တစ်ဖက်တွင်တော့ ထိပ်ထားစံနှင့် မင်းမြတ်မှာ ဘုန်းမော်အားလိုက်လံရှာဖွေနေကြလေသည်။ ပူဆွေးခြင်းမိစ္ဆာအားနှိမ်နင်းပြီးနောက် ဘုန်းမော်မှာ ပျောက်ခြင်းမလှပျောက်ဆုံးသွားခဲ့ပြီး နေအိမ်တွင်လည်းရှိမနေခဲ့ပေ။ ထို့ကြောင့် တစ်မြို့လုံးအနှံ့ပတ်၍လိုက်လံရှာဖွေလာခဲ့ရာ နောက်ဆုံးတွင် ဘုန်းမော်ရဲ့ကျောင်းသို့ သူတို့နှစ်ဦးရောက်ရှိလာခဲ့ကြသည်။"ကျောင်းမှာလည်း ရှိလောက်ပါ့မလား။ မဖြစ်သေးပါဘူး... ငါအထဲဝင်ပြီးသွားမေးကြည့်လိုက်ဦးမယ် "
ထိပ်ထားစံတစ်ယောက် ပြောရင်းဆိုရင်း ဆိုင်ကယ်ပေါ်ကနေဆင်းကာ ကျောင်းထဲသို့ခပ်သုတ်သုတ်ဝင်သွားခဲ့သည်။ ကျောင်းတက်ခါစအချိန်ဖြစ်သောကြောင့် ကျောင်းတံခါးမှာ ဖွင့်ထားလျက်ရှိပြီး တံခါးအားစောင့်နေသည့်ဆရာမမှာလည်း တစ်ဦးတည်းသာရှိနေ၏။
ထိုဆရာမထံသို့ ထိပ်ထားစံစကားသွားပြောနေစဥ် မင်းမြတ်သည် ဆိုင်ကယ်ကိုစောင့်ပေးရင်းကျန်ရစ်ခဲ့သည်။ ခံစားချက်ကိုထုတ်မပြသော်လည်း ဘုန်းမော်အတွက် သူအလွန်စိတ်ပူနေမိသည်။ ထို့အပြင် ဘုန်းမော်နှင့်တပူးပူးတတွဲတွဲရှိနေတတ်သည့် ဟေမာန်ဆိုသည့်ကောင်လေးအကြောင်းကိုလည်း သူအလွန်သိချင်မိ၏။ သူစိုးရိမ်မိသည်ကား ဘုန်းမော်ကို ထိုကောင်လေးခေါ်သွားမှာကိုပင်။