သတိပြန်ရလာတော့ ကျွန်းသားများဖြင့်ကာရံထားသည့်အခန်းတစ်ခန်းထဲသို့ရောက်နေကြောင်း ဘုန်းမော်တွေ့လိုက်ရသည်။
" တော်သေးတာပေါ့။ ငါ မင်းကိုသေပြီမှတ်နေတာ "
ကန်ဒီမှာ သူ့နံဘေးတွင်ရှိနေခဲ့ပြီး ဝမ်းသာအားရဖြင့် သူ့အားပြုံးရယ်ပြနေ၏။
" ကျွန်တော်…ဘာဖြစ်သွားတာလဲ… "
လှဲနေရာကနေ ဖြည်းဖြည်းချင်းထလာစဉ် ရုတ်တရက် ဆစ်ခနဲကိုက်ခဲသွားသည့်ခေါင်းကြောင့် ဘုန်းမော်မျက်မှောင်ကြုပ်လိုက်မိသည်။ အာရုံထဲတွင်လည်း ဝေဝါးနေသောအနီရောင်ပုံရိပ်များ တဖျတ်ဖျတ်နှင့်ပေါ်လာနေသဖြင့် နားထင်ကိုလက်ဖနောင့်ဖြင့်ဖိထားလိုက်မိသည်။
" မသက်သာသေးရင်လည်း အနားယူနေဦးလေ"
" ရပါတယ်…ကျွန်တော်သက်သာပါတယ် "
ဒီလိုနှင့် ဘုန်းမော်နိုးထလာပြီးသိပ်မကြာခင် အခန်းထဲသို့ မင်းမြတ်၊ထိပ်ထားစံနှင့် မြတ်သူတို့ဝင်လာကြသည်။ ထိုအထဲတွင် မြတ်သူမှာ ဒေါသထွက်နေပုံရပြီး ရုတ်တရက် ဘုန်းမော်၏အင်္ကျီကော်လံစကိုဆောင့်ဆွဲလိုက်သည်။
" ဟေသီကို ဘယ်ကောင်သတ်သွားတာလဲ။ ဘယ်သူသတ်သွားတာလဲ ငါ့ကို ပြောစမ်း "
" ဗျာ…"
မြတ်သူ၏စကားကြောင့် ဘုန်းမော်မှာ မျက်လုံးအဝိုင်းသားဖြင့်အလွန်မင်သက်သွားခဲ့ရသည်။
ဟေသီ သေသွားပြီ။
ဘယ်လိုဖြစ်ပြီးတော့လဲ။ စိတ္တမိစ္ဆာကို သူမသတ်နိုင်ခဲ့လို့များလား။ စိတ်ထဲတွင် အတွေးပေါင်းများစွာပေါ်လာတော့ ခေါင်းမှာတဖန်ကိုက်ခဲသွားပြန်သည်။" အခုမှသတိပြန်ရလာတဲ့သူကို ဘာလို့ အကြမ်းပတမ်းဆွဲလားဆောင့်လားလုပ်နေတာလဲ။ ဟေသီကိုသတ်တာ သူမှမဟုတ်တာ။ စိတ်လေးဘာလေး ထိန်းစမ်းပါဦး "
ထိုစဉ် ကန်ဒီက မြတ်သူကိုတွန်းထုတ်လိုက်ပြီး ဘုန်းမော်၏အရှေ့တွင်ကာ၍ရပ်လိုက်သည်။ မင်းမြတ်ကလည်း မြတ်သူကိုဆွဲထားပြီး စိတ်ထိန်းရန်ဖြောင့်ဖျသည်။
ဒေါသထောင်းထောင်းထွက်နေသည့်မြတ်သူသည် မျက်နှာကို လက်နှစ်ဖက်ဖြင့်အုပ်ကာအော်ဟစ်လိုက်သည်။ ထိပ်ထားစံမှာလည်း မျက်ရည်များဝဲနေခဲ့ပြီး မြတ်သူ၏ပုခုံးကိုပုတ်ကာ အသံတိတ်နှစ်သိမ့်ပေးနေသည်။