ရေချိုးခန်းထဲတွင် ဟိုလုပ်ဒီလုပ်နှင့်အချိန်ဖြုန်းနေခဲ့ရင်း တစ်နာရီနီးပါးကြာလာသည့်အခါ ဘုန်းမော်တစ်ယောက်မနေနိုင်တော့ပဲ အပြင်သို့ပြန်ထွက်ချင်လာခဲ့သည်။ ထို့ကြောင့် တံခါးကို အသံမထွက်အောင်ဖြေးဖြေးချင်းဖွင့်လိုက်ပြီး ပြင်ပအခြေအနေအားအကဲခတ်ရန် ခေါင်းအရင်ထွက်ကြည့်လိုက်သည်။" ပုန်းလို့ဝသွားပြီလား "
ရုတ်တရက် ဟေမာန့်အသံအားကြားလိုက်ရသည့်အခါတွင်တော့ ဘုန်းမော်ခမျာထခုန်မတတ်လန့်ဖြန့်သွားမိပြီး တံခါးကိုပြန်ပိတ်ဖို့လုပ်သည်။ ထိုအချိန်မှာပဲ ဟေမာန်က တံခါးရွက်ကို ဆုပ်ကိုင်ထားလိုက်ပြီး အားဖြင့်ဆွဲဖွင့်ပစ်လိုက်သည်။
ဟေမာန်အား ဘယ်လိုမျက်နှာနှင့်ရင်ဆိုင်ရမှန်းမသိသည့်အတွက် ဘုန်းမော်တစ်ယောက် အနေခက်စွာဖြင့်လက်မောင်းကို ကုပ်နေမိသည်။
" မနက်စာသွားစားမယ် လိုက်ခဲ့ "
ထိုအခါ ဘုန်းမော်မှာ ခေါင်းကိုဆတ်ခနဲပြန်မော့မိခဲ့ပြီး ဟေမာန်အား အထူးတဆန်းဖြင့်ကြည့်နေမိသည်။
သို့သော် ဟေမာန်သည် ဘုန်းမော်ကိုတောင်မစောင့်ပဲ စကားပြောပြီးသည်နှင့်တပြိုင်နက် ရေချိုးခန်းထဲကနေထွက်သွားခဲ့သည်။ ထို့ကြောင့် ဘုန်းမော်လည်း တွေဝေနေဖို့အချိန်မရှိခဲ့ပဲ ဟေမာန်သွားရာနောက်သို့သာလိုက်သွားခဲ့သည်။
ဟေမာန်မှာ အဝတ်အစားပင်လဲပြီးနေပြီဖြစ်ပြီး အဖြူရောင်ရှပ်အင်္ကျီနှင့် မိုးပြာရောင်ဘောင်းဘီအား ရိုးရှင်းစွာဝတ်ဆင်ထား၏။ သို့သော်လည်း ဟေမာန်ဝတ်ဆင်ထားသည့်အင်္ကျီမှာ နာမည်ကြီး LV တံဆိပ်ဖြစ်၏။ ဘရန်းတံဆိပ်တွေအကြောင်း ဘုန်းမော်သိပ်မသိသော်လည်း LV နှင့် Gucci ကိုတော့ အတန်းထဲကမိန်းကလေးတွေအပြောများကြတာကြောင့် သူသိ၏။
* ချမ်းသာတဲ့သူတွေများ ကောင်းလိုက်တာ *
စိတ်ထဲတွင် ဘုန်းမော် တိတ်တခိုးအားကျမိသည်။
သူမှာတော့ အဝတ်အစားကောင်းဝယ်ဝတ်ဖို့မပြောနှင့် ထမင်းနပ်မှန်အောင်တောင် မနည်းပင်ချွေတာစုဆောင်းနေရ၏။