[ Unicode ]ဘုန်းမော်မြင်လိုက်ရသည်မှာ အောင်ခတ်ကိုယ်နှင့် တစ္ဆေခေါင်းကြီးပင်။ အောင်ခတ်ရဲ့ရင်ဘတ်က တစ္ဆေခေါင်းကြီးမှာ ထိုးထိုးထောင်ထောင်ဖြစ်နေပြီး အောင်ခတ်ကတော့ လည်ပင်းကျိုးနေသည့်သူလိုမျက်ဖြူစိုက်ပြီး ဦးခေါင်းမှာနောက်လန်ကျနေခဲ့သည်။ ထိုမြင်ကွင်းကို ဘုန်းမော်မြင်လိုက်ရတော့ အလွန်ခြောက်ခြားသွားခဲ့ပြီး ဘိုထိုင်ပေါ်က ပြုတ်ကျမလိုတောင်ဖြစ်သွားသည်။
*ဂျလောက်*
အိမ်သာထဲကနေ ပစ္စည်းပြုတ်ကျသံထွက်ပေါ်လာတော့ အနှီးတစ္ဆေက ဖျတ်ခနဲနောက်လှည့်ကြည့်လိုက်သည်။ ထိုအချိန်မတိုင်ခင်မှာပဲ ဘုန်းမော်မှာ ဘိုထိုင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ပြီးပုန်းနေခဲ့ပြီဖြစ်သည်။
" ဘယ်သူရှိနေတာလဲ...လူသားလား...ဗိုက်ဆာတယ် ခန္ဓာကိုယ်ရှိနေလို့ ငါဗိုက်ဆာတယ်..."
*ဒုန်း*
ရုတ်တရက် အိမ်သာတစ်လုံးကို အားဖြင့်ထုချလိုက်သည့်အသံကြောင့် ဘုန်းမော်လန့်ဖြန့်သွားသည်။ သို့သော်ငြားလည်း သူအသံမထွက်ရဲပေ။
" ဒီမှာ...မဟုတ်ဘူးပဲ...လူသားလေး မင်းဘယ်မှာလဲ "
ချွေးစီးများမှာလည်း ဘုန်းမော်ရဲ့လည်ပင်းတစ်လျှောက်စီးကျနေခဲ့ပြီဖြစ်သည်။ ထိုအရာမှာ တစ္ဆေတောင်မဟုတ်တော့ပေ။ အိမ်သာများကိုလည်း တစ်လုံးပြီးတစ်လုံးထုရိုက်နေခဲ့ရာ တဒုန်းဒုန်းနှင့်ဆူညံပွက်လောရိုက်နေခဲ့သည်။ ဘုန်းမော်ရှိနေသည့်အိမ်သာမှာ ထောင့်စွန်းတွင်ဖြစ်သောကြောင့် ယခုအချိန်ထိလွတ်မြောက်နေသေးသလို ထွက်ပြေးလို့လည်းမလွယ်ကူခဲ့ပေ။
သို့သော်ခဏကြာတော့ ဆူညံသံများမှာ ရှဲခနဲပျောက်ကွယ်သွားသည်။ တစ်မုဟုတ်ချင်းငြိမ်သက်သွားပတ်ဝန်းကျင်ကြောင့် ဘုန်းမော်အတန်ငယ်စိတ်ထွေပြားသွားပေမယ့် ထိုနေရာကနေအမြန်ဆုံးထွက်ပြေးချင်သည့်စိတ်ကြောင့် ခြေထောက်ကို ဖြည်းဖြည်းချင်းချလိုက်သည်။
ထိုအချိန်မှာပဲ တံခါးအောက်ကနေ သူ့ကို ကြည့်နေသည့် မျက်လုံးကြီးများ။