အဆောက်အဦးထဲကနေ မင်းမြတ်ထွက်လာသည့်အခါ လူများအားလုံးမှာ သတိပြန်ရနေကြပြီဖြစ်သည်။ ထို့အပြင် လူနာတင်ယာဉ်များမှာလည်း အသီးသီးရောက်ရှိနေကြပြီး မေ့လဲနေသည့်လူနာများကို ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကယ်ဆယ်ကုသနေကြသည်။
ကန်ဒီကိုလူနာတင်တွန်းလှည်းပေါ်တွင်တွေ့လိုက်ရသည့်အခါ မင်းမြတ် စိုးရိမ်စွာဖြင့်အနားသို့ပြေးသွားခဲ့သည်။
" မင်း အဆင်ပြေရဲ့လား "
" အင်း…"
ကန်ဒီမှာ စကားပင်ပြောနိုင်သည့်ပုံမရပဲ တိုးညင်းစွာဖြင့်သာအသံပြန်ပြုလာသည်။ အလွန်အမင်းငိုထားသောကြောင့်ကန်ဒီ၏မျက်လုံးများမှာ နီရဲ၍ဖူးယောင်နေခဲ့ပြီး မျက်နှာမှာလည်း သွေးမရှိတော့လောက်အောင်ဖြူဆုတ်နေခဲ့သည်။
ထိုစဉ် ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦးက ကန်ဒီကို ဆေးရုံကားပေါ်သို့တင်ပေးလိုက်ပြီး မင်းမြတ်ထံစကားလှမ်းပြောလာသည်။
" ဒါ အစ်ကို့အသိလား။ ကျွန်တော်တို့ သူ့ကို ဆေးရုံပို့ဖို့လုပ်နေတာ။ အာခေါင်အက်သွားတာမို့ စိုးရိမ်ရတယ်။ ဖြစ်နိုင်ရင် အစ်ကို ကျွန်တော်တို့နောက်ကနေ လိုက်ခဲ့ပေးလို့ရမလား "
" ဟုတ်ကဲ့ ဟုတ်ကဲ့ ကျွန်တော်လိုက်ခဲ့ပါမယ် "
စိတ်ပူနေသည့်မင်းမြတ်လည်း ခေါင်းတညိမ့်ညိမ့်နှင့်ပြန်ဖြေလိုက်ပြီး ဆေးရုံကားအနောက်ကနေလိုက်ရန် ဆိုင်ကယ်ကိုသွားယူသည်။ ထိုစဉ် ဘုန်းမော်၏စက်ဘီးကိုတွေ့ပြီး ရုတ်တရက်ဘုန်းမော်အား သတိရသွားခဲ့သည်။
" ဒီကောင် ဘယ်ရောက်သွားပြန်တာတုန်း "
ထို့နောက် ဘုန်းမော်အားလိုက်ရှာရာ ဘယ်နေရာမှာမှရှာလို့မတွေ့သဖြင့် မင်းမြတ်အလွန်ခေါင်းခဲသွားမိပြန်သည်။
.
.
.
အပြင်သို့မင်းမြတ်ထွက်မလာခင် လွန်ခဲ့သည့်ဆယ်မိနစ်တွင် ဘုန်းမော်သည် အခြားလူများထက်စော၍ အသိပြန်ဝင်လာခဲ့သည်။ သတိပြန်ရလာလာချင်းမှာပဲ ဧရာမဘီလူကြီးတစ်ကောင်နှင့်မျက်နှာချင်းဆိုင်တွေ့လိုက်ရပြီး ထိတ်လန့်သွားခဲ့မိသည်။