ပင်လယ်လေတဖြူးဖြူးတိုက်ခတ်နေသည့် ကမ်းခြေလမ်းမထက်တွင်တော့ ဘုန်းမော်မှာ မျက်နှာမသာမယာဖြင့် စက်ဘီးကိုနင်းနေလေသည်။ ရွာမလိုလိုနှင့် အုံ့မှိုင်းနေသည့်မိုးသားတိမ်စိုင်များကြောင့် နေ့လည်ခင်းအပူချိန်မှာ လျော့ကျလို့နေသော်လည်း ဘုန်းမော်ကတော့ စိတ်အလွန်အိုက်နေခဲ့သည်။
ဘုန်းမော်အနောက်တွင် လိုက်ပါလာသည့်ဟေမာန်ကတော့ အေးချမ်းမှုကိုခံစားနေသည့်နှယ် ပင်လယ်ပြင်အားရှုစားနေလေ၏။
" မင်း အိမ်ကရောက်တော့မှာလား "
သူစက်ဘီးနင်းလာတာ နှစ်နှစ်နာရီကျော်ကြာနေပြီဖြစ်၏။ ဟေမာန်ပြောသည့်လမ်းအတိုင်း ဘုန်းမော်နင်းလာခဲ့သော်လည်း အခုအချိန်ထိ ဟေမာန်၏အိမ်အား အရိပ်တောင်မမြင်ရသေးပေ။ လိပ်စာအတိအကျပြောခိုင်းပြန်တော့လည်း 'ငါပြောလည်းမင်းသိမှာမဟုတ်ဘူး'ဟုသာ ကိုယ်တော်ချောကပြန်ဖြေသည်။
မသိလို့မေးကာမှ ပြောလည်းသိမှာမဟုတ်ဘူးဆိုတော့ ဘုန်းမော်တစ်ယောက်ငိုရမလိုရယ်ရမလိုပင်။
" လမ်းဆုံးကို ရောက်ရင် ညာဘက်ကို ကွေ့လိုက် "
စက်ဘီးခုံတွင်ပြောင်းပြန်ထိုင်နေသည့်ဟေမာန်က အရှေ့ကိုပင်လှည့်မကြည့်ပဲ ပြန်ဖြေလိုက်သည်။ ထိုအခါ ဘုန်းမော်မှာ အတန်ငယ်မသင်္ကာဖြစ်သွားပြီး
စက်ဘီးအားဘရိတ်အုပ်လိုက်မိသည်။ ရုတ်တရက်ဘရိတ်အုပ်လိုက်သည့်အရှိန်ကြောင့် ဟေမာန်အနေနှင့်အရှေ့ငိုက်ပြီးပြုတ်ကျသွားနိုင်တာကို စဉ်စားမိတော့ စိုးရိမ်စွာဖြင့်အနောက်သို့ချက်ခြင်းလှည့်ကြည့်လိုက်သည်။သို့သော် ဟေမာန်မှာ ပြုတ်ကျမသွားခဲ့ပဲ စက်ဘီးခုံအား အားဖြင့်ဖိကာကိုင်ထားသောကြောင့် စက်ဘီးမှာအရှေ့ဘီးထောင်သွားပြီး ဘုန်းမော်တစ်ယောက် ခြေကားရားလက်ကားရားဖြင့် ပြုတ်ကျမလိုဖြစ်သွားခဲ့သည်။
စက်ဘီးလက်ကိုင်အားမြဲမြံစွာဆုပ်ကိုင်ထားသောကြောင့် ကံသီစွာဖြင့် ဘုန်းမော် ပြုတ်မကျခဲ့သော်လည်း၊ အရှေ့ဘီးပြန်ကျလာတော့ အရှိန်နှင့် ခွကြားအားဆောင့်မိသလိုဖြစ်သွားသဖြင့် ဖွားဖက်တော်မှာ အတော်လေးအောင့်သွား၏။