တစ်ခုသောမနက်ခင်းအချိန်တွင်တော့ ကျောင်းသားများသည် သန်ဘက်ခါတွင်ကျင်းပမည့် ကျောင်းနှစ်ပတ်လည်ပြည့်စိန်ရတုအခမ်းအနားအတွက် ပြင်ဆင်တိုင်ပင်နေကြသည်။ အချို့မှာမူ ဟောခန်းထဲတွင် ပြဇာတ်တိုက်နေကြ၏။ ဆရာဆရာမများသည်လည်း ပညာရေးမှူးနှင့်အခြားတာဝန်ရှိသူများအားဖိတ်ကြားရန် အလုပ်များနေကြသည်။ယနေ့ စာမသင်မှန်းသိလျှင် ဘုန်းမော်ကျောင်းကိုမလာခဲ့ပါ။ သို့သော် အတန်းထဲရောက်နှင့်နေပြီဖြစ်သဖြင့် သက်ပြင်းချကာ ပြတင်းပေါက်နားကခုံတွင်ထိုင်လိုက်သည်။ လုပ်စရာကိစ္စလည်းမရှိသဖြင့် ခေါင်းမှောက်ကာမှေးနေလိုက်သည်။
အိပ်ပျော်လုဆဲဆဲဖြစ်နေချိန်တွင် ရုတ်တရက် ဒုန်းခနဲထွက်ပေါ်လာသည့်အသံကြီးနှင့် တုန်ခါသွားသည့်မြေကြီးကြောင့် ဘုန်းမော်ဆတ်ခနဲလန့်နိုးသွားသည်။ ခန္ဓာကိုယ်ကိုပြန်မတ်လိုက်ပြီး ဘေးဘီဝဲယာကိုလှည့်ကြည့်လိုက်စဉ် အတန်းထဲရှိကျောင်းသားများမှာ ဘာမှမဖြစ်သည့်အတိုင်း စကားများသူကများ၊ မုန့်စားသူက စားနေကြသည်။
ထို့ကြောင့် ပြတင်းပေါက်ကနေ ခေါင်းပြူထွက်ကာ အပြင်သို့ကြည့်လိုက်ပြန်သည်။ ကော်ရစ်တာတွင်လည်း ကျောင်းသားများမှာ ပုံမှန်အတိုင်းသွားလာလှုပ်ရှားနေကြရာ မူမမှန်တာမျိုးတော့မရှိပေ။
" ဘာလုပ်နေတာလဲ "
ရုတ်တရက်ခေါင်းအနောက်ကနေ စကားသံထွက်ပေါ်လာတော့ ဘုန်းမော် ဒိတ်ခနဲရင်တုန်သွားပြီး ခေါင်းအား ရိပ်ခနဲအထဲသို့ပြန်သွင်းလိုက်သည်။ အထဲရောက်မှသေချာကြည့်မိတော့ ထက်ပိုင်ဖြစ်နေမှန်းတွေ့လိုက်ရသဖြင့် စိတ်အေးသွားသယောင် သက်ပြင်းချလိုက်မိသည်။
" ဘာတွေများ အဲ့လောက်တောင်လန့်နေရတာလဲ။ ဘာလဲ ကောင်မလေးကိုချောင်းနေတာလား။ ဘယ်အတန်းက ဘယ်သူလဲ ငါ့ကိုပြောပြလေ။ ဘီခန်းကဆို ငါအောင်သွယ်ပေးမှာပေါ့ "
ထက်ပိုင်က ထုံးစံအတိုင်း ဖော်ရွေဖွယ်ကောင်းလှသည့်အပြုံးဖြင့် ရယ်မောကာပြောလိုက်သည်။ ဘုန်းမော်က ခေါင်းယမ်းပြရင်း အလိုက်သင့်ပြန်ပြုံးပြလိုက်သည်။
![](https://img.wattpad.com/cover/293116620-288-k747993.jpg)