နေမွန်းတည့်အချိန်ရောက်တော့ ကျောင်းခေါင်းလောင်းခေါက်သံမှာ တဒေါင်ဒေါင်နှင့် ပျံ့လွင့်လို့လာသည်။ အတန်းလွှတ်တော့ ဘုန်းမော်လည်း စာအုပ်များကို သိမ်းလိုက်ပြီး လွယ်အိတ်ကိုလွယ်လိုက်သည်။ ထို့နောက် အတန်းပြင်သို့ ခပ်ကုပ်ကုပ်ခပ်ကိုင်းကိုင်းပုံစံဖြင့်ထွက်လာခဲ့သည်။" ဘုန်းမော် ပြန်တော့မလို့လား "
ဘီခန်းအရှေ့ကနေဖြတ်တော့ ထက်ပိုင်က အတန်းပေါက်ဝကနေ သူ့ကိုစကားလှမ်းပြောလိုက်သည်။
" အင်း "
ခြေလှမ်းများကို ခေတ္တရပ်တန့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
" ဒါနဲ့ မင်းက ဘယ်လိုဖြစ်ပြီး ဟေမာန့်အင်္ကျီကို ဝတ်ထားတာလဲ။ အင်္ကျီတစ်ခုလုံးလည်း ညစ်ပတ်နေတာပဲ "
ထက်ပိုင်ရဲ့စကားကိုကြားတော့ ဘုန်းမော်အတန်ငယ်ကြောင်အမ်းအမ်းဖြစ်သွားမိသည်။
*ဒီအင်္ကျီက ဟေမာန့်ဟာမှန်း သူဘယ်လိုလုပ်သိတာလဲ *
ကျောင်းဝတ်စုံအားလုံးမှာ ပုံစံအတူတူဖြစ်ပြီး လက်တိုလက်ရှည်သာကွဲ၏။ ထို့အတူ ဟေမာန့်အင်္ကျီမှာလည်း ရိုးရိုးလက်ရှည်အင်္ကျီသာဖြစ်ပြီး အတန်းတံဆိပ်လည်းမပါပေ။
" သူ့အင်္ကျီပေါ် အအေးမှောက်ကျအောင်လုပ်မိသွားလို့ ငါ့အင်္ကျီအစားပြန်ပေးလိုက်ရတယ်ဆိုပါတော့ "
ဘုန်းမော်လည်း မလိုအပ်ပဲသံသယစိတ်မများချင်တာကြောင့် စိတ်ထဲထားမနေတော့ပေ။
ထက်ပိုင်က ခေါင်းယမ်းရင်း ပြုံးရယ်လိုက်သည်။
" မင်းကတော့ ဖြစ်ရမယ်။ ဒါနဲ့ ငါ့မှာ အင်္ကျီအဖြူအပိုပါတယ်။ ယူမလား "
" ရတယ်ရတယ် ငါလည်းပြန်တော့မှာပဲဟာ "
" ဘယ်သူများလဲလို့..."
ထိုစဉ် သူတို့အနားသို့ မုန့်စားဆင်းချိန်ကတွေ့ခဲ့သည့်မိန်းကလေးနှစ်ဦးနှင့် မေဘယ်မောင်ရောက်ရှိလာလေသည်။
" ဟေမာန်ရဲ့ပိုးစုန်းကြူးလေးပါလား။ တွေ့ကြပြန်ပြီနော် "
ပိုးစုန်းကြူးဆိုသည်မှာ နောက်မီးလင်းတာကိုဆိုလိုခြင်းဖြစ်၏။ အငယ်အနှောင်းဟုလည်းအဓိပ္ပာယ်ရ၏။