ဇလပ်ဝါသည် မိုက်ရူးရဲဆန်သည့်အမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူသည် ဒီဘက်ကမ္ဘာသို့ပြန်ရောက်လာခဲ့သည့်နေ့မှစလို့ သူသည်အမြန်ဆုံးသေဆုံးနိုင်မည့်နည်းလမ်းများအားကြိုးစားနေခဲ့သည်။
တစ်လတိတိ မျက်လုံးမှိတ်ထားလို့ အသက်ရှူအောင့်ကာ သေဖို့ကြိုးစားသည်။ သို့သော် တတီတီမြည်လာသော စက်သံနှင့်အတူ ဝရုန်းသုန်းကားနှင့်ဝင်လာသောဆရာဝန်များ၏ဆူညံသံအကြားမှ သူ့အမေရဲ့ ငိုရှိုက်သံသဲ့သဲ့ကိုကြားလိုက်ရမှ သူအတ္တသိပ်ကြီးသွားမှန်းသတိထားမိခဲ့သည်။
သူ့မေမေနဲ့ဖေဖေမှာ သူတစ်ယောက်ပဲရှိခဲ့တာ။ ထိုနေ့က သေလိုက်ဖို့ကို တွေဝေခဲ့ရသည်။ သူက သားသမီးဆိုးတစ်ယောက်ဖြစ်သလို မိခင်ဆိုးတစ်ယောက်လည်းဖြစ်နေပြန်သည်။ သူကဘယ်ကမ္ဘာမှာမှ ရှင်သန်နေဖို့မထိုက်တန်တဲ့လူတစ်ယောက်ပါပင်။
သူက မေဘယ်လ့်ကိုကယ်တင်မယ်ဆိုတဲ့ခေါင်းစဥ်လှလှတပ်ခဲ့ကာ သူရဲကောင်းဆန်သည့်ဂုဏ်ပုဒ်ရခဲ့သော်ငြား တကယ်တမ်းကတော့ နာကျင်မှုတွေကနေ ခေါင်းရှောင်လို့ ထွက်ပြေးခဲ့သည့် သူရဲဘောကြောင်သည့်မိန်းမတစ်ယောက်ရယ်သာ။
ထားရစ်ခဲ့သူနှင့် ကျန်ရစ်ခဲ့သူ ဘယ်သူပိုနာကျင်ရမည်နည်း။ ကျန်ရစ်ခဲ့သူက ပို၍နာကျင်ခဲ့ရသူဟု ငယ်စဥ်ကတည်းက သိခဲ့သည့်အသိက ဇလပ်ဝါရဲ့ နှလုံးသည်းပွတ်ထိတိုင်အမြစ်ဆွဲကုပ်ယူထားသည့် အတွေးတစ်ခု။ ထို့ကြောင့်လည်း ငယ်စဥ်ကတည်းက အကယ်၍များတစ်စုံတစ်ယောက်နှင့် ခွဲခွာရမည့်ကံကြမ္မာဖန်လာခဲ့လျှင်တောင် ကိုယ်ကအလျင်ထားရစ်ခဲ့မည်ဟု ရူးကြောင်ကြောင်အတွေးမျိုးတွေးခဲ့ဖူးသည်။
အပျိုပေါက်အရွယ်ရောက်လာသည့်အခါကျတော့ ထိုအတွေးတွေကတိမ်စိုင်လိုပင်လွင့်ပြယ်သွားခဲ့သည်။
လူတစ်ယောက်ကို ချစ်မိသည့်အခါ တတ်နိုင်သလောက် ချစ်ပေးမည်။ ခွဲခွာကြရသည့်အခါတွင်လည်း နောင်တမရှိစွာခွဲခွာမည်ဟု ခံယူချက်ရှိခဲ့သည်။
သို့သော် ငယ်စဥ်ကအလျင်ထွက်ခွာသူဖြစ်ချင်ခဲ့သော စိတ်ဆန္ဒက မသိစိတ်မှလှုံ့ဆော်ခဲ့ဟန်တူသည်။ ရှင်းအဖြစ်မှ မေဘယ်လ့်ကို ထားရစ်ခဲ့မိသည်။ ခုတော့ဖြင့် ဖြစ်ချင်ခဲ့သော နောင်တမဲ့စွာ ခွဲခွာကြမည်ဟူသော ခံယူချက်သည်လည်း အလုံးစုံပြိုပျက်ခဲ့ရသည်။ သူသည် မေဘယ်လ့်ကို နာကျင်မှုတွေကြား ရှင်သန်နေထိုင်ဖို့လမ်းအားကိုယ်တိုင်ရွေးချယ်ပေးခဲ့ပါသေး၏။ ဘယ်လောက်တောင်မုန်းဖို့ကောင်းလိုက်တဲ့သူပါလဲလေ။
YOU ARE READING
SYSTEM 04 [COMPLETED] [စေတန်ရဲ့ နှောင်ကြိုး]
Viễn tưởngလူတွေသေဆုံးပြီးရင် ဘယ်ရောက်သွားတတ်ကြပါသလဲ။ ဇလပ်ဝါဆိုတဲ့ကောင်မလေးကတော့ သူသဘောမကျခဲ့တဲ့ဝတ္ထုထဲရောက်သွားခဲ့ရပါတယ်တဲ့။ အမြတ်ကြီးစားတဲ့ System နဲ့ အေးစက်စက်ဇာတ်ကောင် မေဘယ်လ် ၊ ရှုပ်ထွေးဆန်းကြယ်လှတဲ့ မျိုးနွယ်စုတွေကြားကလိပ်ပြာငယ်လေး ရှင်း။ စေတန်ရဲ့နှောင်က...