00:01(uni ver)

73.6K 871 8
                                    

'အခြေခံပညာအထက်တန်းကျောင်း အထက (၁) ထီးချိုင့်' ဆိုသည့် ထည်ထည်ဝါဝါ boardကြီးအောက်မှ သူမ စက်ဘီးလေးကိုတွန်းရင်း ဖြတ်လျှောက်ကာ ကျောင်းဝန်းထဲသို့ဝင်လာခဲ့သည်။ စက်ဘီးများထားရာနေရာ၌ စက်ဘီးကိုသေချာရပ်ကာ သော့ခတ်လိုက်ပြီးနောက် အတန်းဘက်လှမ်းလာခဲ့တော့သည်။

ပထမဆုံးကျောင်းဖွင့်ရက်ဖြစ်သည့်အပြင် သူမ ရောက်သည့်အချိန်ကလည်းစောနေသေးတာမို့ စာသင်ခန်းတံခါးများ ဖွင့်မထားကြသေးပေ။ သူမသည် အသက်တစ်ဆယ့်ခြောက်နှစ်အရွယ် အထက်တန်းကျောင်းသူတစ်ယောက်၊ တိတိကျကျဆိုရပါလျှင် အထက်တန်းပထမနှစ်၊ (နဝမတန်း)ကျောင်းသူတစ်ယောက်၊ အထက်တန်းကျောင်းသူကြီးဖြစ်ပြီမို့ ကျောင်းလာရတာကပင် မြောက်ကြွကြွရှိလှသည်၊ ကိုယ့်ကိုယ်ကို လူကြီးဖြစ်ပြီလို့ ခံစားရစေပါသည်။

(နဝမတန်း)စာသင်ဆောင်အနီးရှိ ဗန်ဒါပင် ပင်စည်အားဝိုင်းလျက် ထိုင်စရာပြုလုပ်ထားသော ခုံတန်းပေါ်သို့ထိုင်ရင်းက ဟိုငေးဒီငေးလုပ်နေခြင်းသည် အချိန်တွေကို မြန်မြန်ကုန်စေတတ်ပါသည်။ကျောင်းဝင်းအတွင်း ကျောင်းသား/ကျောင်းသူများ ပိုများလာပြီးနောက် မကြာမှီပင် ကျောင်းတက်ခေါင်းလောင်းသံကိုကြားလိုက်ရသည်။
အတော်ကြာမှပြန်တွေ့ကြရသည်မို့ဆိုသည့်အကြောင်းပြချက်နှင့် ဖက်လှဲတကင်းအလွမ်းသယ်စရာသူငယ်ချင်းသည်လည်း သူမ မှာ ရှိ မ နေခဲ့ပါ၊ သည်ကျောင်းတွင် အလယ်တန်းမှစတင်၍တက်ခဲ့သည်ဆိုကာမူ နှစ်စဥ် နှစ်တိုင်း မဲနှိုက်ရပြီး ကျရာတန်းခွဲ၌ ထိုင်ခဲ့ရလေ့ရှိသည်။
ထို့ကြောင့်လူအပြောင်းအလဲ အမြဲရှိတတ်သဖြင့် တန်းခွဲအတူနေရစဥ်တစ်နှစ်သာ ခင်မင်ရကြပြီး နောင်တစ်နှစ်တွင်မူ သူငယ်ချင်းအသစ်ထပ်ရပြန်၍ 'အချစ်ဆုံးသူငယ်ချင်း' ဟုဆိုနိုင်သူ သူမ မှာရှိ မ နေခြင်းပင်။
ခဏအကြာမှာပင် (နဝမတန်း) 'သိပ္ပံ' တွဲ၏ အတန်းမှူးဟု ကြိုသိထားရသူ ဆရာမ 'ဒေါ်ဆွေဆွေ' မှ 'သိပ္ပံ' ဘာသာအထူးပြုယူမည့်ကျောင်းသား/ကျောင်းသူများအား ကျောင်းရှေ့မြက်ခင်းပြင်တွင်လူစုစေခဲ့သည်။ မဲ များကို ကြိုတင်ပြင်ဆင်နိုင်ခဲ့သည်မှာတော့ ကျောင်းအပ်လက်ခံသည့် formထဲတွင် ဘာသာတွဲနှင့် အတန်းများကို ဖြည့်ထားခဲ့ရပြီးပြီမို့ပင်၊ ယခုနှစ်သိပ္ပံတွဲအား တန်းခွဲ ငါးခန်း ခွဲမည်ဟုသိရသည်။

မင်းစိတ်နဲ့ပဲချည်ပါ မင်းစိတ်နဲ့ပဲမြဲပါ့မယ်(Completed)Where stories live. Discover now