ခိုင်မြဲတဲ့နွေးထွေးတဲ့ သံယောဇဉ်ကြိုးဟာ
မမြင်နိုင်တဲ့စိတ္တဇနာမ်ဆိုပေမဲ့
စိတ်နှလုံးထဲမှာပျော်ဝင်နေတဲ့
နှလုံးသားဓာတ်ဖြည့်စာတစ်မျိုးပါပဲ...
^~^~^~^~^~^~^~^~^~^~^~^~^~^~^~^
Finale : Yellow Love House 💛🏡💛
^~^~^~^~^~^~^~^~^~^~^~^~^~^~^~^
နှစ်ယောက်သား အေးအေးဆေးဆေးစကားပြောကြဖို့ အစ်ကိုကြီးရှောင်းဟန်နဲ့ဂျက်ကိုနှုတ်ဆက်ပြီး အိမ်လေးဆီကိုပြန်လာခဲ့ကြတယ်။ ကိုကိုက ခုတင်ရဲ့ခြေရင်းဘက်မှာထိုင်နေပြီး ရိပေါ်ကတော့ အိပ်ခန်းလေးရဲ့တစ်ခုတည်းသော မှန်ပြတင်းလေးရဲ့ဘေးမှာမှီရင်း လက်ပိုက်ပြီးမတ်တပ်ရပ်နေတယ်။
ကိုကိုက ဘယ်ကစပြီးပြောရမယ်ဆိုတာ စကားလမ်းစရှာနေပုံရလို့ ရိပေါ်လည်းကိုကို့ဘက်ကစပြီးပြောလာမည့်အချိန်ကိုသာ စိတ်ရှည်ရှည်ထားပြီးစောင့်ဆိုင်းနေလိုက်တယ်။ မိနစ်အနည်းငယ်ကြာသွားပြီးနောက်မှာတော့ ကိုကို့ဘက်ကအရှိန်ယူပြီးတစ်လုံးချင်းဖွင့်ဟလာတော့တယ်။
"ကိုယ် ဒီအကြောင်းအရာကိုရှင်းပြပြီးသွားတဲ့အခါ မင်းကိုယ့်ကိုစိတ်ဆိုးဒေါသထွက်မယ်ဆိုရင်တောင် ကိုယ်လက်ခံမှာပါ။ ဒါပေမဲ့ ဟိုတစ်နေ့ကမင်းကိုယ်တိုင်ပြောခဲ့သလို ကိုယ့်ကိုဘယ်တော့မှထပ်ပြီးခွဲမသွားတော့ပါဘူး ဆိုတဲ့စကားကိုတော့ ကိုယ်နောက်တစ်ကြိမ်အတည်ပြုချင်သေးတယ်။ ဘာလို့လဲဆိုတော့ ကိုယ်တကယ်... မင်းနဲ့ထပ်မဝေးချင်တော့ဘူး"
ကိုကိုကသူ့မျက်လုံးတွေထဲ တည့်တည့်စိုက်ကြည့်ပြီး တစ်ခွန်းချင်းပြောလာတဲ့စကားကိုကြားလိုက်တော့ ရိပေါ်ရင်ထဲကနှလုံးသားလေးကို အားတစ်ခုနဲ့ဖျစ်ညှစ်လိုက်သလိုခံစားလိုက်ရတယ်။ သူ ကိုကို့အနားကထွက်သွားခဲ့တဲ့အချိန် ကိုကိုနာကျင်ခံစားခဲ့ရတဲ့ စိတ်ဒဏ်ရာတချို့က ကိုကို့မှာအခုချိန်ထိကျန်နေသေးမှန်း ရိပေါ်စိတ်မကောင်းစွာနဲ့ပဲသိလိုက်ရတယ်။
ရိပေါ် ကိုကို့အနားကိုသွားလိုက်တယ်။ ကိုကို့ရဲ့လက်နှစ်ဖက်ကိုဆုပ်ကိုင်ထားလိုက်ပြီး ကိုကို့ဘေးကပ်လျက်မှာထိုင်ချလိုက်တယ်။ နောက် ကိုကို့မျက်ဝန်းတွေနဲ့တည့်တည့်ဆုံကြည့်ပြီး တစ်သက်လုံးစာမပြောင်းလဲတော့မည့် သူ့ဆုံးဖြတ်ချက်ကိုပြောပြလိုက်တယ်။
ESTÁS LEYENDO
🖤🤞 BEloved 'CHEATER' 🤞🖤
Fanfictionအတုအယောင်ဘဝနဲ့ အံဝင်ခွင်ကျဖြစ်အောင် ကြိုးပမ်းနေတုန်းမှာပဲ အမှန်တကယ် ပျော်ဝင်သွားမိတဲ့အခါ လက်လွှတ်ဆုံးရှုံးရမှာ သိပ်ကြောက်တတ်လာတယ် .. .. .. #ZSWW_Fanfiction (Completed) #Feiyunxi_SideCouple
