[Unicode]
မင်းကကိုယ့်ရဲ့ အေးရိပ်
နာကျင်မှုတွေကိုကုစားပေးနိုင်တဲ့
အရေးပေါ်ဆေးအိတ်လေး ဆိုလည်းမမှားဘူး...
^~^~^~^~^~^~^~^~^~^~^~^
အခန်း (၁၁) : မင်းမရှိတဲ့ အတိတ်
^~^~^~^~^~^~^~^~^~^~^~^
ရုံးပိတ်ရက်ဖြစ်ပေမယ့် ဘီလီယံနာကိုကိုကတော့ အလုပ်ကိစ္စချိန်းထားတာရှိတယ်ဆိုပြီး မနက်စာစားပြီးကတည်းက အိမ်ကထွက်သွားတယ်။ ရိပေါ်ကတော့ ဘယ်တော့မှကြေမလဲမသိနိုင်တဲ့ အလုပ်ကြွေးတွေထဲခေါင်းစိုက်နေရလို့ ဧည့်ခန်းကစားပွဲခုံမှာပဲ Laptop တစ်လုံးရှေ့ချ ဖိုင်လ်တွဲတွေဘေးပတ်ပတ်လည်ဝိုင်းနေတယ်။
"ရှောင်းကျန့် အခုထွက်ခဲ့! ရှောင်းကျန့် ဘယ်ရောက်နေလဲ"
ခရီးဆောင်သေတ္တာကိုလက်ကဆွဲလာပြီး ဧည့်ခန်းထဲထိပိုင်စိုးပိုင်နင်းဝင်လာသူက ကိုကို့နာမည်ကိုလည်း မာမာထန်ထန်အော်ဟစ်ပြီးခေါ်နေသေးတယ်။ ဧည့်ခန်းရဲ့ကော်ဇောမှာထိုင်နေတဲ့ရိပေါ်ကိုတော့ သူမကမြင်ပုံမရဘူး။
"ဟာ... မမလေး! ဘယ်တုန်းကပြန်ရောက်တာလဲ။ ကြိုပြီးပြောမထားတော့ ကြိုဖို့လူမလွှတ်ပေးလိုက်ရဘူး။ ကျွန်တော်တောင်းပန်ပါတယ်"
"မလိုဘူးရတယ် အိမ်တော်ထိန်းလီ။ ကျွန်မကမသွားတတ်မလာတတ် ကလေးငယ်လေးမှမဟုတ်ဘဲ။ ဒါနဲ့ အရေးကြီးတာ ရှောင်းကျန့်အခုဘယ်မှာလဲ"
"ကိုကိုရှောင်းကျန့်က အလုပ်ကိစ္စရှိလို့အပြင်သွားတယ်"
အိမ်တော်ထိန်းလီက မမလေးလို့ခေါ်ပြီး တရိုတသေဆက်ဆံရတဲ့အနေအထားရှိနေတော့ ဒီအမျိုးသမီးကသာမန်မဟုတ်မှန်း သူရိပ်မိပေမယ့် ကိုကို့ကိုမလေးမစားပြောဆိုနေတဲ့ပုံစံကိုတော့ ရိပေါ်မနှစ်မြို့တာအမှန်ပဲ။ ဒါနဲ့ပဲ သူမရဲ့မေးခွန်းကို ရိပေါ်ကမတ်တတ်ထရပ်ပြီး ကြားဖြတ်ဖြေပေးလိုက်တယ်။ နှုတ်ခမ်းတွေကိုခပ်တင်းတင်းစေ့ထားလို့ သူ့ရဲ့ပါးမို့မို့လေးတစ်စုံက ပိုပြီးဖောင်းပြည့်နေသယောင်ဖြစ်နေလိမ့်မယ်။
"ဟယ်... သူက ရိပေါ်လေးလား"
အစောပိုင်းကလိုမီးတောက်နေတဲ့အကြည့်မျိုးနဲ့မတူဘဲ နူးညံ့ညင်သာသွားတဲ့အကြည့်မျိုးနဲ့ ရိပေါ်ကိုကြည့်လာပြီးတော့ အိမ်တော်ထိန်းလီဘက်ကိုပြန်လှည့်သွားပြီးမေးတယ်။
YOU ARE READING
🖤🤞 BEloved 'CHEATER' 🤞🖤
Fanfictionအတုအယောင်ဘဝနဲ့ အံဝင်ခွင်ကျဖြစ်အောင် ကြိုးပမ်းနေတုန်းမှာပဲ အမှန်တကယ် ပျော်ဝင်သွားမိတဲ့အခါ လက်လွှတ်ဆုံးရှုံးရမှာ သိပ်ကြောက်တတ်လာတယ် .. .. .. #ZSWW_Fanfiction (Completed) #Feiyunxi_SideCouple
