အခန်း ၂၀။ လှည့်ပတ်ခြင်း

422 24 3
                                    

Porsche POV

တောတွင်းရဲ့ တတိယနေ့အတွေ့အကြုံကတော့ ပထမနှစ်ရက်နဲ့ သိပ်မထူးဘဲ လွတ်လမ်းရှာဖို့ ခြေဦးတည့်ရာ သွားလာနေရတာပါပဲ။ ကံအားလျော်စွာနဲ့ အရင်ရက်တွေကလို မိုးအုံ့မနေဘူး။ တစ်ခါသေဖူး ပျဉ်ဖိုးနားလည်သွားတဲ့ကျွန်တော်က ဒီနေ့မှာတော့ ဦးဆောင်လမ်းပြသူပါ။ Kinnရဲ့ အကြံဉာဏ်တွေကို လျစ်လျူရှုထားရင်းနဲ့‌လေ... ဒီနေ့မှာပါ သူ့ရဲ့ဦးဆောင်မှုနောက်ကို ဆက်လိုက်နေဦးမယ်ဆိုရင် ကျွန်တော့်လောက်ရူးတဲ့သူ ဒီကမ္ဘာပေါ်မှာ ရှိတော့မှာ မဟုတ်ဘူး။ ပြီးတော့ တာဇံဘဝနဲ့အရိုးထုတ်ရပြီး မြို့ပြလူနေမှုဘဝကိုလည်း တစ်သက်တာ စွန့်လွှတ်ရနိုင်ချေရှိတယ်။

"ဘယ်ဘက်!"

Kinnက ဘယ်ဘက်ကို လက်ညှိုးထိုးပြလာတယ်။
ကျွန်တော် ခေါင်းညိတ်ပြီး ချက်ချင်းပဲ ညာချိုးလိုက်တယ်။ သူပေးတဲ့ အကြံဉာဏ်ရဲ့ ဆန့်ကျင်ဘက်က အန္တရာယ်အကင်းဆုံးပဲ။

"ဘာလို့ ငါ့ကို မယုံတာလဲ?"

သူက စိတ်ပျက်လက်ပျက်ပြောလာပေမယ့် ကျွန်တော့်အနောက်ကတော့ တောက်လျှောက်လိုက်နေဆဲ...

ပူလိုက်တာ!

ပုံမှန်ဆို တောထဲတောင်ထဲလို သစ်ပင်တွေ ပတ်လည်ဝိုင်းနေတဲ့နေရာမှာ အေးအေးဆေးဆေးပဲ ဖြစ်သင့်တာလေ။ ဒါပေမယ့် လက်ကျန်အားအင်တွေကုန်တဲ့အထိ ဆက်တိုက် လမ်းလျှောက်နေရပြီး ခေါင်းကလည်းထူပူနေအောင် တွက်ချက်စဉ်းစားနေရတဲ့အချိန်မှာ ချွေးသံတရွှဲရွှဲ မဖြစ်နေရင်တောင်မှ ထူးဆန်းဦးမယ်။

"ခဏနားရအောင်! အဆင်ပြေလား?"

Kinnက ကျွန်တော့် အင်္ကျီလက်ကို လှမ်းဆွဲကာတားလာပြီး သစ်ပင်ကြီးတစ်ပင်ရဲ့ ခွကြားမှာ ဝင်ထိုင်လိုက်တယ်။ ကျွန်တော်ဝင်မထိုင်ဘဲ မောကြီးပန်းကြီးဖြင့် အသက်ပြင်းပြင်းရှူရှိုက်နေသူကိုသာ ကြည့်နေမိတယ်။ အမှန်တိုင်းပြောရရင် ကျွန်တော်လည်း တော်တော်လေး ပင်ပန်းနေပြီ။ ပင်ပန်းတာကို ထိုင်ငြီးနေရုံနဲ့တော့ ဘာမှဆက်ဖြစ်လာမဟုတ်ဘူး။ နောက်နာရီအနည်းငယ်အတွင်းမှာ ကောင်းကင်ကမှောင်လာတော့မယ်။ ဒီလိုနဲ့ တောထဲမှာပဲ နောက်တစ်ရက် ဆက်ပြီး စခန်းချရဦးမယ်ထင်တယ်။

FreeFall (Unicode +Zawgyi) (Completed)Where stories live. Discover now