Ep- 90

472 34 0
                                    


ဦးလွင် နှင့် ခန့် ရုံးသို့ ရောက်ချိန်တွင်တော့ လျှောက်လမ်းတစ်လျှောက် ဆုံသည့် ဝန်ထမ်းများ၊ အနုပညာရှင်များ၊ သင်တန်းသားများက ဦးလွင်အား နှုတ်ဆက်ကြရင်း တအံ့တဩကြည့်ကြသေး၏။ ပုံမှန်ဆို ဦးလွင်ကရုံးတက်ရာတွင် ရှပ်အင်္ကျီ၊ ဘောင်းဘီ၊ အနောက်တိုင်းဝတ်စုံ စသည်တို့ဖြင့်သာ တက်လေ့ရှိပြီး ယခုကဲ့သို့ မြန်မာဝတ်စုံ ဝတ်၍ ရုံးတက်ခြင်း မရှိခဲ့ဖူးသဖြင့် ထိုသို့ ဖြစ်နေကြရခြင်းပင်။

ရုံးခန်းထဲရောက်သည်နှင့် ဦးလွင်က အတွင်းရေးမှူး ထိုက်စံကို မှာရန်ရှိသည်တို့ မှာလိုက်တော့သည်။ ယနေ့က Monday ဖြစ်သည်ကြောင့် ခန့် ကတော့ Moon's Time ရိုက်ကူးရေးရိုက်ရန် မရှိပါချေ။

ကျောင်းဖွင့်ရက်ဖြစ်သည်ကြောင့် ခန့်နှင့် သူ့သူငယ်ချင်း သုံးယောက်အား သူကိုယ်တိုင် ကျောင်းတစ်ရက်ပျက်ရန် ခွင့်လှမ်းတိုင်ပေးထားသေး၏။ ခန့်တို့က ခွင့်တိုင်ပေးဖို့ မလိုပါဘူး ပြောပါသော်ငြား ဦးလွင်ကတော့ လက်မခံပါချေ။

ခန့် သူငယ်ချင်း သုံးယောက်ကလည်း ရုံးသို့လာကာ ညနေမှ ခန့်တို့နှင့်တူတူ စားသောက်ဆိုင်သို့ လိုက်မည်ဖြစ်သည်။ ကလေးသုံးယောက်၏ အုပ်ထိန်းသူများဆီသို့လည်း ဦးလွင်က သူကိုယ်တိုင် ခွင့်တောင်းပေးထားသည်ကြောင့် စွမ်းပြည့် အိမ်ကလည်း အသာတကြည် လက်ခံလိုက်ခြင်းဖြစ်သည်။ အကြို၊ အပို့ပါ ဦးလွင်က တာဝန်ယူပေးမည် ဖြစ်ပေသည်။

"ဦးလွင်၊ သား စကားပြောလို့ရလားဟင်"

ထိုက်စံ အပြင်သို့ ထွက်သွားမှ ခန့် ဆုံလည်ကုလားထိုင်လေး တစ်လုံးကိုယူ၍ ဦးလွင်ဘေးတွင်ထားကာ ထိုင်ရင်း မေးလိုက်သည်။

"အွန်း၊ ရတယ်လေ ခန့်ငယ်ရဲ့ ပြော"

"မနေ့က ရိုက်ကူးရေးအကြောင်း ပြောပြချင်လို့၊ ဟီးး"

"ကိုယ်တောင် မနေ့က ခန့်ငယ်ကို ဘယ်လိုအစားထိုးရိုက်လိုက်လဲ မေးမလို့၊ ဒါပေမယ့် ခန့်ငယ်က အားလုံးပြီးစီးပြီဆိုမှ ပြောပြမယ်နေမှာဆိုပြီး စောင့်နေခဲ့တာ"

"ဟုတ်၊ ရိုက်ကူးရေးကိုတော့ သူတို့ စီစဉ်ထားပြီးတဲ့ အဲ့မြစ်နားမှာပဲလုပ်ဖြစ်တာရယ်၊ သားက ငါးမျှားမယ့်အစား ရိုက်ကူးရေးအဖွဲ့က ဖွင့်ပြတဲ့ ငါးစက္ကန့်စာ သီချင်းကို ခန့်မှန်းရတာ၊ သီချင်းခေါင်းစဉ်ရော၊ သီဆိုသူရော အဲ့တာ မှန်ရင် အဲ့သီချင်းကို ဆိုပြရတာ၊ သား ဆိုပြနိုင်ရင် မုန့် ဆုရပြီး၊ မဆိုပြနိုင်ရင် ရေကုန်ထဲ ဒိုင်ပင်ထိုး ခုန်ချရတာ၊ သား ငါးမမျှားချင်လို့ အဲ့လို လေးလုပ်ချင်ကြောင်း ပြောပြတော့ လက်ခံကြပါတယ်၊ သား အစီအစဉ်က ပျော်စရာကောင်းမှာဆိုပြီးလေ၊ ရိုက်ကူးရေးအတွက် မုန့်ကိုလည်း သားကိုယ်တိုင်ပဲ ဂျာကြီးနဲ့ သွားဝယ်ထားလိုက်တာ၊ ရိုက်ကူးရေး အဖွဲ့မှာ ပါမှာမဟုတ်ဘူးဆိုတော့လေ၊ သား နှစ်ခါတောင် ရေကန်ထဲ ခုန်ချလိုက်ရတယ် သိလား၊ ဟီးးး သီချင်း ဆယ်ပုဒ်ကို ကိုးပုဒ်မြောက်နဲ့ နောက်ဆုံးပုဒ်မှာ ခုန်ချလိုက်ရတာ၊ ကိုးပုဒ်မြောက်မှာက သား သီချင်းကိုရ‌ပေမယ့် ဒီအစီအစဉ်ကို ကြည့်မယ့် ပရိသတ်တွေက ငါ ရေထဲ ဒိုင်ပင်ထိုးတာတော့ မြင်ချင်မှာပဲဆိုပြီး စာသားမေ့ချင်ယောင်ဆောင်လိုက်တာရယ်၊ နောက်ဆုံးပုဒ်ကျ ဖွင့်ပြတဲ့အပိုဒ်နဲ့ သားဆိုလိုက်တဲ့အပိုဒ်က သံစဉ်တူနေပြီး စာသားလွဲသွားလို့ ခုန်ချလိုက်ရတာရယ်၊ အဲ့တာ မနေ့က သား မအားလိုက်တာနဲ့ ဦးလွင်ကို ခုမှ ပြောပြရတာ"

အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}Where stories live. Discover now