"ငါ Toilet ခဏ သွားလိုက်ဦးမယ်"ခန့် ဘေးတွင်ရှိနေသည့် နှိုင်း နှင့် သူရအား ပြောကာ သန့်စင်ခန်းသို့ သွားလိုက်၏။
သန့်စင်ခန်းထဲသို့ ရောက်ရောက်ချင်း ခန့် လက်နှစ်ဖက်ကို မျက်နှာတွင်အုပ်ကာ ငိုချမိတော့သည်။
ခန့် ငယ်ငယ်ကအကြောင်းကို ပြောရင်း မိဘနှစ်ပါးကို သတိရသွားမိသည်ကြောင့် သန့်စင်ခန်း ရှိရာသို့ အမြန်လာလိုက်ခြင်းဖြစ်သည်။ ခန့် မိဘနှစ်ပါးအား လွမ်းမိ၍ ငိုချင်သည့်အချိန်တိုင်း သန့်စင်ခန်းသည်သာ သူ၏ ငိုကြွေးရာနေရာဖြစ်ခဲ့တော့၏။
ခန့် ထိုကိစ္စနှင့် ပတ်သက်၍ ဦးလွင်ရှေ့တွင်ရော၊ သူငယ်ချင်းများရှေ့တွင်ပါ မငိုဖြစ်ခဲ့ပေ။ စိတ်မကောင်း ဖြစ်ရခြင်းက သူတစ်ယောက်တည်းနဲ့ လုံလောက်ပြီဟုသာ သူမှတ်ယူခြင်းပင်။
ခဏအကြာ ခန့် ပြန်ထွက်လာချိန်တွင်တော့ ဧည့်ခန်းတွင် စားပွဲခုံခင်းထားသည့် နေရာ၌ စွမ်းပြည့်၏ မိဘနှစ်ပါးနှင့်အတူ စွမ်းပြည့်၊ သူရ နှင့် နှိုင်းတို့ လူစုံနေကြပြီဖြစ်သည်ကြောင့် ခန့် ထိုနေရာသို့သွား၍ ၀င်ထိုင်ရင်း ပြောလိုက်၏။
"ကျွန်တော် ကြာသွားလားမသိဘူး၊ တောင်းပန်ပါတယ်ဗျာ့"
"မကြာပါဘူး သော်တာရဲ့၊ အန်တီပြည့်တို့လည်း အခုပဲ ၀င်ထိုင်ကြတာ၊ အန်တီပြည့် မုန့်ထည့်လိုက်တော့မယ်နော်"
"ဟုတ်ကဲ့ဗျာ့"
"အမေ သား ထည့်လိုက်မယ်လေ"
"ရတယ် သား၊ ထိုင်နေ၊ အပူလောင်ကုန်မှာစိုးလို့"
"ဟုတ်ကဲ့"
ဒေါ်ပြည့်ပြည့်မိုး ထိုင်နေရာမှ ထကာ ခေါက်ဆွဲပြင်ထားသည့် ပန်းကန်တို့ထဲ ဟင်းရည် လိုက်ထည့်ပေးလိုက်၏။
"သော်ကြီး နေကောင်းရဲ့လား၊ မင်း မျက်လုံးတွေ ရဲနေတယ်"
"အေး ငါလည်း အဲ့တာ မေးမလို့"
လေးပေ ခြောက်ပေ စားပွဲခုံရှည်အား ခင်းထားသည်ဖြစ်ရာ လေးပေဘက် ထိပ်နှစ်ဖက်တွင် စွမ်းပြည့်၏ အဖေ နှင့် အမေထိုင်ပြီး ခြောက်ပေအရှည် တစ်ဖက်တွင် စွမ်းပြည့် နှင့် ခန့် ထိုင်ရာ ကျန်တစ်ဖက်တွက် သူရ နှင့် နှိုင်း ထိုင်သည်ကြောင့် မျက်နှာချင်းဆိုင် ဖြစ်နေသည့် နှိုင်းက ခန့်အား လှမ်းမေးလိုက်ပြီး သူရ ကလည်း မေးလာခြင်းဖြစ်သည်။
YOU ARE READING
အောင်မြင်ခြင်းဆီသို့ { Zawgyi ver }From Ep- 50 {Completed}
Romance*** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** *** လက်ဆောင်အချပ်ပိုလေးတွေကို ဒီworkလေးထဲမှာ တင်ဖြစ်မယ်နော် *** #ဒီ ဇာတ်လမ်းလေးကို unpublished လုပ်မည်မဟုတ်သလို စာအုပ်လည်း မထုတ်ပါ# Start date - Sep - 20 - 2022 End date - Dec - 20...